ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၌ TNLA အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / September 18, 2025


     တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်း ကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ မန်စန်းရပ်ကွက်၌ သေနတ်ဖြင့် ပစ် ခတ်ခံရ၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ အဆိုပါရပ် ကွက်နေ ကိုစိုင်းရန်မျိုးအောင်(၂၆)နှစ်သည် တန့်ယန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့မဈေးကြီးမှ ၎င်း၏နေအိမ်သို့ ဇနီးဖြစ်သူ မနန်းခေးလောင်(၂၆)နှစ်နှင့်အတူ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် နေအိမ်ရှေ့အရောက်၌ TNLA အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား သုံးဦးက TOYOTA CROWN အမျိုးအစား အဖြူရောင်မော်တော် ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုစိုင်းရန်မျိုးအောင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တန့်ယန်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်းနှင့် မနန်းခေးလောင်တွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

     ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။