လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထပ်မံရောက်ရှိ
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်၊ ဒေသခံတိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထပ်မံရောက်ရှိ
Ministry of Information/ Naypyitaw / October 03, 2025

နေပြည်တော် အောက်တိုဘာ ၃
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ယခုကဲ့သို့ ကျောက်မဲမြို့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်ထိန်းချုပ်ရရှိပြီးချိန်တွင် အကြမ်းဖက်သမားများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး၊ လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ အနာဂတ်ရင်သွေးငယ်များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝန်းအတွင်း/အပြင် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ စာသင်ခန်းများအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်အခြားလိုအပ်သည်များအား ဆောင်ရွက်ပေးသည်။
ထို့ပြင် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ဆန် အိတ် ၅၀၀၊ ဆီ ပိဿာ ၅၀၀၊ ဆား ပိဿာ ၅၀၀ နှင့် စားသောက်ကုန်များထပ်မံရောက်ရှိခဲ့ပြီး အဆိုပါ စားသောက်ကုန်များအား ဒေသခံများ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
၎င်းအပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


