လူငယ်လူရွယ်တွေကို လမ်းမှားပေါ်ရောက်အောင် မဟုတ်မမှန်လုပ်ကြံသတင်းထုတ်လွှင့်ပြီး ဝါဒမှိုင်းတွေ လုပ်နေတာတွေကို စာဖတ်ပရိသတ်သိအောင်၊ အမှန်တရားတွေကို လက်ခံလာနိုင်အောင်ရေးသားထား
လူငယ်လူရွယ်တွေကို လမ်းမှားပေါ်ရောက်အောင် မဟုတ်မမှန်လုပ်ကြံသတင်းထုတ်လွှင့်ပြီး ဝါဒမှိုင်းတွေ လုပ်နေတာတွေကို စာဖတ်ပရိသတ်သိအောင်၊ အမှန်တရားတွေကို လက်ခံလာနိုင်အောင်ရေးသားထား
Ministry of Information/ Naypyitaw / November 06, 2025
ရဲမင်းစိုး
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၄ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့်စာအုပ်များကို စိစစ်ရွေးချယ်၍ အမျိုးသားစာပေဆုများပေးအပ်ချီးမြှင့်ရန် စာရေးဆရာ၊ ဆရာမများ၏အမည်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ သို့ပါ၍ စာပေနယ်ပယ်အသီးသီးမှ အမျိုးသားစာပေဆုရရှိသည့် စာပေပညာရှင်များနှင့် မေးမြန်းထားသည်များကို ရေးသားလိုက်ရပါသည် -
လေလှိုင်းကြားကအသက်ရှူသံများနှင့်(စစ်သည်နှလုံးသားခံစားချက်ဝတ္ထုတိုများ)စာအုပ်ဖြင့် အမျိုးသားစာပေ(ဝတ္ထုတိုဆု)
ကျွန်တော့်နာမည် ဦးစိုးမြင့်၊ ကလောင်အမည် ရဲမင်းစိုး ဖြစ်ပါတယ်။ လက်ရှိကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးတာဝန်များ ထမ်းဆောင်လျက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ စာပေဗိမာန်စာမူဆုပြိုင်ပွဲများ၊ တပ်မတော်အနေနဲ့မူးယစ်ဆေးဝါးတားဆီးထိန်းချုပ်ရေး ပြိုင်ပွဲတွေမှာ ဝင်ရောက်ပြိုင်ပွဲဝင်ခဲ့ပြီး စာပေဗိမာန်ပထမဆု၊ ဒုတိယဆုအပါအဝင် ဆုရအကြိမ်ရေ(၁၆) ကြိမ်ရှိပါပြီ။
စာရေးသူတိုင်းကတော့ နိုင်ငံတော်က ချီးမြှင့်ပေးတဲ့ အမျိုးသားစာပေဆုကို လိုချင်ကြတာပါပဲ။ ကျွန်တော်လည်း လိုချင်လို့ ကြိုးစားခဲ့ရတာပါ။ အမျိုးသားစာပေဆုရတယ်လို့ စာပေရောင်းရင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကပြောတော့ ယုံတောင်မယုံနိုင်ပါဘူး။ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရတာအပြင် တပ်မတော်သားတွေရဲ့ဘဝ၊ မှီခိုမိသားစုတွေရဲ့ဘဝကို ထင်ဟပ်ပေါ်လွင်အောင်ရေးသားခဲ့လို့လည်း နိုင်ငံတော်အစိုးရက အခုလိုအမျိုးသားစာပေဆုချီးမြှင့်ခံရတဲ့အတွက် အတိုင်းမသိ ပီတိဖြစ်မိပါတယ်။
အမျိုးသားစာပေဆုရရှိခဲ့တဲ့ “လေလှိုင်းကြားက အသက်ရှူသံများ” ဝတ္ထုတိုလေးက နောင်ချို၊ ကျောက်မဲနယ်မြေ၊ ဂုတ်တွင်းတံတား တိုက်ပွဲဖြစ်စဉ်အမှန်လေးကိုခံစားရေးဖွဲ့ထားတာဖြစ်ပါတယ်။ တပ်မတော်သားတွေရဲ့ ရှေ့တန်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေရသူတွေ နောက်တန်းကျန်ခဲ့တဲ့ မိသားစုတွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ရေးသားထားတာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ဗိုလ်ကြီးကျော်ရဲဝင်းက တပည့်စစ်သည်တွေနဲ့ နောက်ဆုံးအကြိမ်အထိအသက်စွန့်တိုက်ပွဲဝင်ခဲ့ပြီး ခင်ပွန်းဖြစ်သူကျဆုံးသွားပြီးနောက် မုဆိုးမဖြစ်ခဲ့ရတဲ့ ဇနီးဖြစ်သူရဲ့ခံစားချက်၊ ဖခင်မဲ့သွားရတဲ့သားဖြစ်သူရဲ့ ရှေ့ဆက်ရမယ့်ခရီးအတွက် လေလှိုင်းတွေကြားထဲ ရှူသွင်းရမယ့်အသက်ရှူသံတွေက ဘယ်လိုရှိမလဲဆိုတာကို ပုံဖော်ရေးသားထားတဲ့ ဝတ္ထုတိုလေး ဖြစ်ပါတယ်။
အခုဆုရတဲ့ ဒီစာအုပ်လေးက ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းကနေထုတ်ဝေတဲ့ (၇) အုပ်မြောက် စာအုပ်ဖြစ်ပါတယ်။ ဒီမှာလည်း ပြောစရာတစ်ခုရှိပါတယ်။ ကျွန်တော့်စာမူတွေနဲ့ ပတ်သက်ပြီး ထုတ်ဝေသူအချို့ လာရောက်ကမ်းလှမ်းကြတာရှိပါတယ်။ သို့သော်လည်း ကျွန်တော့်ကို စာပေလောကထဲကို “အမိန့်ဟူသည်” ဝတ္ထုတိုလေးနဲ့ မဂ္ဂဇင်းမှာ ဖော်ပြပေးခံရပြီး ရဲမင်းစိုးဆိုတဲ့ ကလောင်တစ်ချောင်း ဖြစ်မြောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့အပြင် ဆက်လက်၍လည်း (၇၃)နှစ်မြောက် တပ်မတော်နေ့စာမူ ပြိုင်ပွဲမှာတတိယဆုရရှိခဲ့တဲ့ “မမေ့နိုင်သောလက်ဖက်ရည်တစ်ခွက်” စတဲ့ ဝတ္ထုတိုလေးကို ထပ်မံဖော်ပြပေးခံရပြီး ပင်တိုင်စာရေးသူအဖြစ် ယနေ့အချိန်ထိ ဝတ္ထုတို/ ကဗျာတွေကို ဖော်ပြပေးနေတဲ့မဂ္ဂဇင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း မည်သူတွေပဲလာရောက်ကမ်းလှမ်းကမ်းလှမ်း ကျွန်တော့်အနေနဲ့ စာပေသစ္စာရှိစွာဖြင့် နိုင်ငံ့ဂုဏ်ရည်စာပေတိုက်နဲ့ပဲ ဆက်လက်ထွက်ရှိမယ့်စာအုပ်တွေကိုလည်း ဆက်လက် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
နောက်ပြီး နှစ်(၈၀)ပြည့် တပ်မတော်နေ့မှာ ဝတ္ထုတိုပထမဆုရရှိခဲ့တဲ့ “ညာခြေတစ်ဖက်ပေးဆက်ခဲ့ရသည့်တိုင်” ဝတ္ထုတိုလေးဟာ ယနေ့ဖြစ်ပေါ်တွေ့ကြုံနေရတဲ့ တပ်မတော်က ကူးပြောင်းတာဝန်ထမ်းဆောင် တဲ့သူတွေအပေါ်မှာ အရပ်ဘက်ဝန်ထမ်းတွေရဲ့ မနာလိုစိတ်ဖြင့် ဆက်ဆံမှုတွေကို ကိုယ်တိုင်တွေ့ကြုံခံစား ရေးသားထားပြီး မီးမောင်းထိုးထားတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်။ အခြားသော ဝတ္ထုတိုလေးတွေကလည်း ကိုယ်တွေ့ ခံစားရေးဖွဲ့ထားတဲ့ဝတ္ထုတွေပါပဲ။ ကျွန်တော့်ဝတ္ထုတွေအားလုံးက “မုတ” ဆိုတဲ့ ကိုယ်တွေ့ခံစားရေးဖွဲ့ထားတာဖြစ်လို့ ဒီနေ့ဖြစ်ပေါ်တွေ့ကြုံနေရတဲ့ လူငယ်လူရွယ်တွေကို လမ်းမှားပေါ်ရောက်အောင် မဟုတ်မမှန်လုပ်ကြံသတင်းထုတ်လွှင့်ပြီး ဝါဒမှိုင်းတွေလုပ်နေတာတွေ၊ တပ်မတော်သားတွေအပေါ်မှာ နိုင်ငံရေးသမားအချို့ အမြင်မကြည်လင်သူအချို့က ပြည်ပနိုင်ငံအားကိုးပြီးပြိုကွဲအောင် ဆောင်ရွက်နေတာတွေကို စာဖတ်ပရိသတ်သိအောင်၊ အမှန်တရားတွေကို လက်ခံလာနိုင်အောင် ရေးသားထားတဲ့စာမူကြမ်းပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ စာရေးသူတွေအနေနဲ့က စာဖတ်ပရိသတ်ကို ကောင်းမွန်တဲ့သုတရသတွေပေးနိုင်အောင် စာကောင်း စာမွန်တွေကို ဖတ်မှတ်လေ့လာအတုယူပြီး ရသစုံကိုယ်တွေ့ကြုံခံစားရတဲ့ အကြောင်း အရာတွေကို ရေးသားနေရဦးမှာပါ။ ဆက်လက်ကြိုးစားနေပါဦးမယ်လို့ ပြောကြားချင်ပါတယ်။
ဌေးကြည်(စလင်း)
လက်ဖျော်ကော်ဖီစာအုပ်ဖြင့် အမျိုးသားစာပေကဗျာ(ခေတ်ပေါ်)ဆု
နိုင်ငံတော်က ဦးဆောင်ကျင်းပပြီး စာပေပညာရှင်ကြီးများက ဆုရွေးချယ်ပေးတဲ့ ၂၀၂၄ ခုနှစ်အတွက် စာပေဆုမှာ လက်ဖျော်ကော်ဖီ ခေတ်ပေါ်ကဗျာစာအုပ်နဲ့ အမျိုးသားစာပေဆုကို ထိုက်တန်စွာရရှိလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ပါတယ်။ ဆက်လက်၍လည်း ကဗျာစာပေအနုပညာများ ဆက်လက်ရေးသားရင်း တိုင်းပြည်အကျိုးကို ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုပါတယ်။
လက်ဖျော်ကော်ဖီ ကဗျာစာအုပ်ကိုဖန်တီးမိတာက ခေတ်ပေါ်အယူအဆကို ခေတ်ပေါ်အနုပညာဖြင့် တင်ပြလိုတဲ့အတွက်ဖြစ်ပါတယ်။ ထုဆစ်ဖန်တီးဖြစ်ခဲ့ပုံက ကျွန်တော်အအေးဆိုင်ပဲထိုင်ထိုင် လက်ဖက်ရည်ဆိုင်ပဲထိုင်ထိုင် သစ်သီးဖျော်ရည်မှာတိုင်း လက်ဖျော်နဲ့စက်ဖျော်ဆိုသည့် ဝေါဟာရလေးကို ခဏခဏကြားရဖန်များလာတယ်၊ အဲဒီလိုကြားရတဲ့အခါမှာ လက်ဖျော်ဆိုတဲ့ဝေါဟာရလေးက ရင်ထဲရောက်ရှိလာပြီး အမြုတေလိုရွှေလိုဥထားရင်းနဲ့ တစ်နေ့မှာကော်ဖီတစ်ခွက် မှာသောက်မိရာကနေ လက်ဖျော်ဆိုသည့် ဝေါဟာရလေးက ရုတ်တရက်နိုးထလာတာနဲ့ ကော်ဖီဆိုတဲ့စကားလေးနဲ့ တွဲဖက်လိုက်မိရာကနေ လက်ဖျော်ကော်ဖီဆိုတဲ့ခေါင်းစီး ရရှိလာတာပါ၊ ဒီလက်ဖျော်ကော်ဖီဆိုတဲ့ စာအုပ်ထွက်ပေါ်လာခဲ့တာပါ။
ကိုယ်ရေးအကျဉ်း
ဦးဌေးကြည် (စလင်း)ကို အဖ ဦးပြန့်၊ အမိ ဒေါ်ကြီးမြင့်တို့က ၁၃၁၉ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက်တွင် စလင်းမြို့ မြင်တင်ရပ်၌မွေးဖွားခဲ့သည်။ ငယ်စဉ်ပထမတန်းမှစ၍ အနုပညာဗီဇပိုးပါရှိခဲ့ပြီး ဆရာများထံတွင် လေ့လာသင်ယူခဲ့သည်။ စလင်းမြို့ အထက်တန်း ကျောင်းတွင် အဋ္ဌမတန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၇၆ ခုနှစ် ယုဝတီဂျာနယ်တွင် နံ့သာသ၍ မလှသောမျက်နှာ ကဗျာဖြင့် စာပေလောကသို့ ရောက်ရှိခဲ့သည်။
တိုင်းရင်းမေ၊ သင့်ဘဝ၊ ရုပ်ရှင်အောင်လံ၊ စာပေလုပ်သား၊ မိုးဝေ၊ ရုပ်ရှင်တေးကဗျာ၊ ဖက်ရှင်၊ သပြေ၊ ချယ်ရီ၊ မြို့တော်၊ စံပယ်ဖြူ၊ ငွေတာရီ၊ မြဝတီစသည့် မဂ္ဂဇင်းပေါင်း ၇၀ ကျော်တွင် ကဗျာ၊ ဆောင်းပါး စုစုပေါင်းစာမူ ၁၅၀၀ ခန့် ရေးသားခဲ့သည်။ ဆရာ ဘီအီးဒီအောင်သိုက်နှင့် မြို့တော်မောင်ယဉ်အောင်တို့ အမှာစာရေးပေးသည့် ဒေါင်းအသည်း၏ ဒဿနိက ကဗျာစာအုပ်၊ ဆရာငြိမ်းကျော် အမှာစာရေးသည့် နှင်းဆီဖူး၏ ဆူးတံခါးအဖွင့် ကဗျာစာအုပ်၊ ဆော့(ဖ်)ပင် ကဗျာစာအုပ်၊ စိတ်ကူးချိုချိုမှ ထုတ်ဝေသည့် မြို့လား(၁၀၀) ကဗျာစာအုပ်၊ ည ၈ နာရီ ချောကလက် ကဗျာစာအုပ်၊ ရုပ်သေးသစ်ပင် အက်ဆေးစာအုပ်၊ ဇာတ်ခုံပေါ်မှအလွဲများ ဟာသစာအုပ်၊ ငဝန်အနုပညာရပ်ဝန်းမှ ထုတ်ဝေသည့် လက်ဖျော်ကော်ဖီ ကဗျာစာအုပ် စုစုပေါင်း ၁၅ အုပ်မျှ ထွက်ရှိခဲ့သည်။ ၂၀၁၅ ခုနှစ် ကျိုက္ကလော့ အမေ့မေတ္တာစာမူပြိုင်ပွဲတွင် ခေတ်ပေါ်ကဗျာပထမဆုရရှိခဲ့သည်။ တေးသီချင်း များလည်းရေးသားရာ ဆရာတွံတေးသိန်းတန်သီဆိုသည့် ငှက်ခါး မလေးပြန်လာပါ၊ ခွေးဖြူမသို့ စာတစ်စောင်၊ ဟင်္သာတထွန်းရင်သီဆိုသည့် ဆန်ရေတစ်ပွက် တေးသီချင်းများအောင်မြင်၍ တေးသံရှင်များစွာ အထပ်ထပ်ပြန်လည်သီဆိုကြသည်။ အကယ်ဒမီဂျိုးဖြူဇာတ်တွင် ညမွှေးပန်း၏ လျှောက်လဲချက်ပြဇာတ်ဖြင့် ဇာတ်သဘင်လောကသို့ ရောက်ရှိပြီး ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းနှင့် တွံတေးသိန်းတန် ဇာတ်များမှစ၍ ဇာတ်သဘင်များ၊ မန္တလေးအငြိမ့်များတွင် သီချင်း၊ အော်ပရာ၊ ပြဇာတ်များရေးသားခဲ့သည်။ ထို့ပြင် တိပ်ခွေအသံသွင်း ပြဇာတ်ဇာတ်လမ်းများ၊ ဗီဒီယိုဇာတ်ညွှန်း၊ ဇာတ်လမ်းများရေးသားခဲ့သည်။ ယခုလက်ရှိတွင်လည်း စာပေလမ်းကြောင်းပေါ်တွင် ကဗျာ၊ သီချင်း၊ ပြဇာတ်၊ အော်ပရာဖြင့် စာပေအနုပညာများ ဆက်လက်ရေးသားလျက်ရှိသည်။
