သက်ကြီးသတင်းစာ ပညာရှင်ကြီးများအား ဆဋ္ဌမအကြိမ် ပူဇော်ကန်တော့
သက်ကြီးသတင်းစာ ပညာရှင်ကြီးများအား ဆဋ္ဌမအကြိမ် ပူဇော်ကန်တော့
Ministry of Information/ နေပြည်တော် / November 28, 2019
ရန်ကုန် နိုဝင်ဘာ ၂၇
မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ၏ ဆဋ္ဌမအကြိမ်မြောက် သက်ကြီးသတင်းစာ ပညာရှင်ကြီးများအား ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့တော်ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အမှာစကားပြောကြား
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းဥက္ကဋ္ဌ ဦးမြတ်ခိုင်က ပူဇော်ကန်တော့ပွဲ ကျင်းပရခြင်း အကြောင်း ရှင်းလင်းပြောကြားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းထံ အလှူရှင်များက အလှူငွေများ ပေးအပ်ကြပြီး အော်ရီဒူးမြန်မာမှ လှူဒါန်းသော ဟန်းဆက်သုံးလုံးအား ကန်တော့ခံ သက်ကြီး သတင်းစာ ပညာရှင်ကြီးများအား မဲဖောက်ပေးအပ်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ- ဦးအုန်းကြိုင်က ကန်တော့ခံ သက်ကြီးသတင်းစာ ပညာရှင်ကြီးများ ကိုယ်စား ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် သက်ကြီးသတင်းစာပညာရှင် ၅၇ ဦးတို့ကို အလှူငွေကျပ် တစ်သိန်း နှင့် ကန်တော့ခံပစ္စည်းများဖြင့် ပူဇော် ကန်တော့ခဲ့ကြကြောင်း သိရသည်။
ကိုထက်
