အကောက်ခွန်မဲ့ တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီး အရေးယူမှု
အကောက်ခွန်မဲ့ တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီး အရေးယူမှု
Ministry of Home Affairs/ နေပြည်တော် / June 27, 2025
၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းနေမှုများကိုလည်း ဖော်ထုတ်သွားရန်လိုကြောင်း၊ နံပါတ်ပြားများ အတုပြုလုပ်ခြင်း၊ လိုင်စင်များအတု ပြုလုပ်ခြင်းများ လုပ်ဆောင်နေမှုများကို တွေ့ရှိရပြီး တာဝန်ရှိသူများအနေဖြင့် ပါဝင်ပတ်သက်နေသူများအားလုံးကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ စီးနင်းနေမှုများကြောင့် နိုင်ငံတော်အနေဖြင့် အခွန်အခများစွာ နစ်နာမှုရှိမည်ဖြစ်သကဲ့သို့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း အခက်အခဲများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း” ဟု လမ်းညွှန် မှာကြားခဲ့ပါသည်။
လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်၏ အခွန်ဘဏ္ဍာနစ်နာမှု မရှိစေရေးအပြင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေပြီး မှုခင်းများဖြစ်စေနိုင်သော တရား မဝင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ဖမ်းဆီး၍ အရေးယူဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန် ၂၄ ရက်နေ့ထိ တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်အစီးရေ ၁,၂၃၆ စီး၊ အမှုပေါင်း ၁,၀၀၄ မှုနှင့် တရားမဝင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် အစီးရေ ၄,၄၁၄ စီး၊ အမှုပေါင်း ၄,၁၈၉ မှု ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။
ဆက်လက်၍ အကောက်အခွန်မဲ့ တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော် ဆိုင်ကယ်များအား ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
