အောင်နိုင်တိုးစပါးမျိုးသစ် ကွင်းသရုပ်ပြပွဲကျင်းပ

အောင်နိုင်တိုးစပါးမျိုးသစ် ကွင်းသရုပ်ပြပွဲကျင်းပ


Ministry of Information/ Naypyitaw / December 24, 2024
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနပညာရှင်များက ထုတ်လုပ်လိုက်သည့် အောင်နိုင်တိုးစပါးမျိုးသစ်ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းသုတေသနစိုက်ကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သုတေသီများနှင့် ကွင်းဝန်ထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တောင်သူနှင့်စိုက်ပျိုးရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ကွင်းသရုပ်ပြပွဲ၌ တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရေမြေသဘာဝရာသီဥတုစုံလင်သည့် မိမိတို့ မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းစေမည့် စပါးမျိုးသစ်များကို မိမိတို့ဝန်ကြီးဌာနက ထုတ်လုပ်ခဲ့ရာ ၁၉၇၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆည်ရေသောက် စပါးမျိုး ၃၄ မျိုး၊ မိုးကောင်းသောက် စပါးမျိုး ၃၉ မျိုး အပါအဝင် စုစုပေါင်း စပါးမျိုး ၁၃၈ မျိုးထုတ်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၌ စိုက်ပျိုးလျက်ရှိသည့် မိုးစပါးစိုက်ဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်နှင့်နွေစပါး ၉၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်လုပ်ထားသည့် စပါးမျိုးများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုအောင်နိုင်တိုးစပါး မျိုးသစ်သည် အထွက်ကောင်းခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိခြင်း၊ ရောဂါ ပိုးမွှားဒဏ်ခံနိုင်သော နွေ၊ မိုး စိုက်ပျိုးနိုင်သည့် သက်လျင်စပါးမျိုးဖြစ်၍ တောင်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိအသုံးပြုနိုင်ကြစေရန် ယနေ့ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းက အောင်နိုင်တိုးစပါးမျိုးသစ်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်း အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု၊ မျိုးစေ့နှုန်းထား၊ ပျိုးထောင် ခြင်းနှင့် ပျိုးပင်စောင့်ရှောက်ခြင်း၊ စိုက်ပျိုးနည်းစနစ်အမျိုးမျိုးဖြင့် ဆောင်ရွက်နိုင်မှု၊ အပင်ပြုစုခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ အောင်နိုင်တိုးစပါးမျိုးသစ်၏ အရည်အချင်းလက္ခဏာများကို ရှင်းလင်းတင်ပြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်သူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့်အတူ အောင်နိုင်တိုးစပါးရိတ်သိမ်းမှုကို ကြည့်ရှုကြရာ တစ်ဧကစပါးအစို ၁၂၄ တင်းနှုန်း (စပါး အခြောက်-၁၁၆ တင်းနှုန်း) ထွက်ရှိသည့်အတွက် အဆိုပါစပါးမျိုးကို တောင်သူများအနေဖြင့် စိုက်နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးနိုင်ပါက အထွက်နှုန်းပိုမိုတိုးတက်ရရှိပြီး ဝမ်းစာဖူလုံမှုရှိမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ တိုးတက်လာနိုင်မည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန မြေပဲ၊နေကြာ၊ ပဲပုပ်သုတေသနစိုက်ကွင်းများနှင့် တီမြေဆွေးသုတေသန ဆောင်ရွက်နေမှုများကို လည်းကောင်း ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,