(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်
(၈၁) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ ပါဝင်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်
Ministry of Information/ Naypyitaw / March 25, 2026
နေပြည်တော် မတ် ၂၅
၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြ စစ်ကြောင်းကြီးများသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
စစ်ရေးပြလေ့ကျင့်မှုတွင် လေအိတ်ပုလွေတပ်စု၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့၊ ဂုဏ်ပြုမြင်းစီးတပ်ခွဲ၊ ယန္တရားစစ်ကြောင်းများ၊ စစ်ကြောင်း (၇) ကြောင်းမှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များသည် စုရပ်ဖြစ်သည့် သစ်တပ်ကွင်းမှ စစ်ရေးပြကွင်းကြီးသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများကို အားမာန်အပြည့်အဝဖြင့် သီဆို၍ ညီညာစွာချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ်များအတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။
ထိုသို့ လေ့ကျင့်နေမှုများကို နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ပြည့်စုံလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်သာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အလံတော်အဖွဲ့နှင့် စစ်ရေးပြစစ်ကြောင်းများ၊ ယာဉ်ယန္တရားများ၏ စစ်ရေးပြကွင်းအတွင်း ချီတက်ဝင်ရောက်နေရာယူမှုများ၊ (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြမည့် ဧည့်သည်တော်ကြီးများအတွက် ထိုင်ခုံနေရာ ချထားမှုများ၊ မြင်းစီးတပ်ခွဲနှင့် အရေးကြီးပုဂ္ဂိုလ်ယာဉ်တန်း ဝင်ရောက်နေရာယူမှုများအား ဦးစွာကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များ၏ အချိန်ကိုက်အုပ်ဖွဲ့ ပျံသန်းလေ့ကျင့်မှုများ၊ အလံတော်အဖွဲ့နှင့် စစ်ကြောင်းတပ်ခွဲများ၏ ဝတ်စားဆင်ယင်မှုဆိုင်ရာများ၊ စစ်ရေးပြအလံများ၊ စစ်ရေးပြလက်နက်ငယ်များနှင့် စစ်ဝတ်တန်ဆာများ ပြင်ဆင်ထားရှိမှု၊ စစ်ရေးပြတပ်ခွဲ အသီးသီး၏ စစ်ရေးပြလှုပ်ရှားမှုများနှင့် ဂုဏ်ပြုအမြောက်တပ်ဖွဲ့တို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များ၊ အထူးတာဝန်တပ်ဖွဲ့ဝင်များ၊ ယာဉ်ယန္တရားများ၊ တပ်မတော် (လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်းရရှိသည်။
