(၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကာယဗလမောင်၊ ကာယအလှမယ်နှင့်ကိုယ်ကာယကြံခိုင်မှုပြိုင်ပွဲကျင်းပ

(၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကာယဗလမောင်၊ ကာယအလှမယ်နှင့်ကိုယ်ကာယကြံခိုင်မှုပြိုင်ပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 06, 2018


ဘားအံ နိုဝင်ဘာ ၃
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၆၃)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကာယဗလမောင်၊ ကာယအလှမယ်နှင့်ကိုယ်ကာယ ကြံ့ခိုင်မှုပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ည ၇နာရီခွဲက ဇွဲကခန်းမ၌ ကျင်းပသည်။
 ရှေ့ဦးစွာ ကာယဗလမောင်ပြိုင်ပွဲကိုကျင်းပရာ တက္ကသိုလ်များနှင့်မြို့နယ်၊ရပ်ကွက်ကိုယ်စားပြု ကာယဗလမောင် ၁၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က ပထမဆုရရှိသော ဝင်းစည်သူ အမှတ်(၁)ရပ်ကွက်၊ ဒုတိယဆုရရှိသော စောဒီမိုထူး အမှတ်(၃) ရပ်ကွက်၊ တတိယဆုရရှိသော ဝေလင်းဦး အမှတ်(၉)ရပ်ကွက် ကိုယ်စားပြုမောင်များအား ဆုများပေးအပ်ချီးမြှင့်ကာ အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကာယအလှမယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဘားအံတက္ကသိုလ်နှင့် မြို့နယ်၊ ရပ်ကွက် ကိုယ်စားပြုကာယအလှမယ် ၁၂ ဦးဝင်ရောက်ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ် အမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသီသီဝင်းက ပထမဆုရရှိသော မနန္ဒာရီ မြဝတီမြို့၊ ဒုတိယဆုရရှိသော ခြူးနဒီစိုး ကော့ကရိတ်မြို့၊ တတိယဆုရရှိသော အေးဝတ်ရည်ဖြိုး အမှတ်(၆)ရပ်ကွက် ကိုယ်စားပြုကာယအလှမယ်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
 ယင်းနောက် ဖိတ်ခေါ်အလှမယ် Miss Torism Giobal 2018 နန်းထက်ထက်လင်း၊ (၆၂)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကာယအလှမယ် နန်းခင်စန္ဒာလှိုင်နှင့် (၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကာယအလှမယ်တို့က အလှသရုပ်ပြခဲ့ကြပြီး တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
 ဆက်လက်၍ အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ဘားအံတက္ကသိုလ်မှ ပြိုင်ပွဲဝင် ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၏ ဇနီး ဒေါ်ထက်ထက်ချော မှ ပထမဆုရရှိသော နန်းဆန်းပပအောင် တတိယနှစ် သတ္တဗေဒ၊ ဒုတိယဆုရရှိသော မသက်သက်ထွန်း တတိယနှစ် သတ္တဗေဒ၊ တတိယဆုရရှိသော နန်းရီရီဝင်း စတုတ္ထနှစ် သင်္ချာ တို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အထူးဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။