(၆၅)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၆၅)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကျင်းပ


Ministry of Information/ နေပြည်တော် / January 19, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

(၆၅)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကို အလေးပြုခြင်းနှင့် ဆရာဝန်များ၏ အဓိဌာန်ပြု ကတိသစ္စာရွတ်ဆိုခြင်း တို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆရာဝန်အသင်းကို ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ ယနေ့အထိ နှစ်ပေါင်း (၇၀)တိုင်အောင် မားမားမတ်မတ် ရပ်တည်နိုင်ခြင်းသည် အသင်းဝင်များ၏ စည်းလုံးညီညွတ်မှုများကြောင့် ဖြစ်ပါကြောင်း၊ အသင်းတွင် မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့ အပါအဝင် အထူးကုဘာသာ ရပ်အဖွဲ့ ၄၂ ဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသင်းခွဲများရှိ၍ အင်အားတောင့်တင်းပြီး လုပ်ငန်းများတက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။ အသင်းအနေဖြင့် အသင်းခွဲများ၊ အဖွဲ့များနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ခြင်းအပြင် နှီးနွယ် အသင်းများဖြစ်သည့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ မြန်မာ့နိုင်ငံ ဆေးဝါးပညာရှင်များအသင်း၊ မြန်မာ့ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်အသင်းတို့နှင့် ပိုမိုပူးပေါင်း ချိတ်ဆက်ကာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။ မြန်မာနိုင်ငံရှိ ဆရာဝန်များသည် ကျန်းမာရေးစောင့်ရှောက်မှု စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးကို ရည်ရွယ်၍ အသင်းမှ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး လုပ်ငန်းများအနေဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဆေးပညာ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲများ ပြုလုပ်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ပိုမိုလက်တွဲပံ့ပိုး ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုညီလာခံတွင် ဆေးပညာဘာသာရပ် အသီးသီးမှ ပညာရှင်ကြီးများ ပါဝင်ဆွေးနွေးမည်ဖြစ်သဖြင့် တက်ရောက်လာသူ တစ်ဦးချင်းစီအတွက် သာမက ဆေးပညာလောကကြီး တစ်ခုလုံးအတွက် လွန်စွာအကျိုးရှိပါကြောင်း၊ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားမှုများကို ဝေးလံဒေသများရှိ ဆရာဝန်များပါ သိရှိလေ့လာနိုင်ရန်အတွက် ခေတ်မီသတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်း ပညာများကို အသုံးချဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသင်းသည် World Medical Association နှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှု အစီအစဉ်ကို စတင်နေသည် ကိုသိရှိရပါကြောင်း၊ အဆိုပါ အစီအစဉ်များတွင် ဝန်ကြီးဌာနမှ ဆရာဝန်များ ပါဝင်နိုင်ရန်ကိုလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အလွန်အရေးကြီးသည့် ဆေးနှီးနွယ် ပညာရှင်များ၏ အခန်းကဏ္ဍကိုလည်း အလေးထားကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဆေးပညာလောက၏ ရှေ့တန်းမျက်နှာ တစ်ခုသဖွယ်ဖြစ်သော မြန်မာနိုင်ငံဆရာဝန်အသင်း အင်အားတောင့်တင်းခြင်းသည် ဆေးပညာလောက တစ်ခုလုံးအတွက် အင်အား တောင့်တင်းခြင်း ဖြစ်သဖြင့် အသင်း၏ လုပ်ငန်းများကို ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက မြန်မာနိုင်ငံ ဆရာဝန်အသင်း(နေပြည်တော်) အဆောက်အဦတည်ဆောက်ခဲ့မှု၊ ညီလာခံကျင်းပရန် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ရခိုင်ပြည်နယ်တွင် ဆေးပညာကျင့်ဝတ်များ နှင့်အညီ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ အပါအဝင် ဆောင်ရွက်လျက်ရှိ သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြတို့က ဝန်ကြီးဌာနမှ ပြခန်းများ၊ ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ကိရိယာပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌက သဘာပတိ၊ Academic sub-committee ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးမောင်ဟန်က တွဲဘက်သဘာပတိ၊ အငြိမ်းစားဆေးပညာရှင်ကြီးများဖြစ်သည့် ပါမောက္ခ ဒေါက်တာ ဖေသက်ခင် (ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ ပါမောက္ခဒေါက်တာမျိုးလွင်ငြိမ်းနှင့် ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်း တို့က ဟောပြောသူများအဖြစ် ဆောင်ရွက်သည့် Eliminating Barriers to Quality Health Care ခေါင်းစဉ်ဖြင့် နှီးနှောဆွေးနွေးဖလှယ်မှု အစီအစဉ်ကို တက်ရောက်သည်။

(၆၅)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်ညီလာခံကို ဇန်နဝါရီ ၂၂ ရက်အထိ မြန်မာနိုင်ငံ ဆရာဝန်အသင်း(နေပြည်တော်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,