အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် (၁၁၀) ပြည့် မွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် “သူတို့မြင်သော မင်းသုဝဏ်” စာအုပ် မိတ်ဆက်အခမ်းအနား ကျင်းပ
အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် (၁၁၀) ပြည့် မွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် “သူတို့မြင်သော မင်းသုဝဏ်” စာအုပ် မိတ်ဆက်အခမ်းအနား ကျင်းပ
Ministry of Information/ နေပြည်တော် / February 11, 2019
ရန်ကုန် ဖေဖော်ဝါရီ ၁၀
အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် (၁၁၀) ပြည့် မွေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် သူတို့မြင်သော မင်းသုဝဏ် စာအုပ်မိတ်ဆက် အခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်နှင့် ဆရာစံလမ်းထောင့်ရှိ Co-operative Business Center ၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အမျိုးသား စာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် (၁၁၀) ပြည့် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပေးပို့သည့် သဝဏ်လွှာကို ပရိုဂျက်တာဖြင့် ပြသသည်။
ထို့နောက် ဆရာကြီးမင်းသုဝဏ်၏ နှစ် (၁၁၀) ပြည့် မွေးနေ့အတွက် တေးရေး နှလုံးသားက ရေးစပ်သီကုံးပြီး ဂီတမှူး သျှန်ထွန်း (မြန်မာစာ)က တည်းဖြတ်သည့် “ကမ္ဘာတည်မည့်စာဆို မင်းသုဝဏ်” သီချင်း၊ “အိုဘယ့်စာဆိုရှင်” သီချင်းတို့ဖြင့် ဂုဏ်ပြုဖျော်ဖြေသည်။
ယင်းနောက် ဆရာကြီးမင်းသုဝဏ်၏ ဒုတိယမြောက်သားဖြစ်သူ နိုင်ငံတော် သမ္မတ (ငြိမ်း) ဦးထင်ကျော် က အမှတ်တရ ဂုဏ်ပြုစကားကို ပြောကြားသည်။
ထို့နောက် ဆရာကြီး မင်းသုဝဏ်၏ ဘဝပုံရိပ်လွှာများအား စုစည်းတင်ဆက် ပြသသည်။
ယင်းနောက် ဆရာကြီးမင်းသုဝဏ်၏ နှစ် (၁၁၀) ပြည့် မွေးနေ့အား ဂုဏ်ပြုသည့် အနေဖြင့် ဆရာကြီး ဦးခင်အေး(ခေါ်) ဆရာမောင်ခင်မင် (ဓနုဖြူ) ၊ ဆရာကြီး ဦးမြဝင်း (ဒဿန)၊ ဆရာကြီး ဦးအောင်မြင့်ဦး၊ ဆရာကြီး ဦးညီမင်းညို တို့က ဂုဏ်ပြုစကား ပြောကြားသည်။
ဆက်လက်၍ ဆရာကြီး မင်းသုဝဏ်အား ဂုဏ်ပြုသည့် အနေဖြင့် ဗျောသံ (ကပွဲ)၊ ကလေးကဗျာ သီဆိုခြင်း၊ ကျေးဇူးမေ့ဒုက္ခတွေ့သူများ တေးဂီတအော်ပရာ ၊ ကဗျာရွတ် သရုပ်ဖော်ခြင်းတို့အပြင် တေးသံရှင် ရဲထိုက်၊ မြို့ရွှေမန်းသား ဖိုးချစ်ဦးဆောင်သည့် အနုပညာအဖွဲ့တို့က တေးသီချင်းများ၊ သရုပ်ဖော်မှုများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက် ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ဆရာကြီးမင်းသုဝဏ်၏ မိသားစုဝင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အဆိုပါ အမျိုးသားစာဆိုတော်ကြီး မင်းသုဝဏ်၏ နှစ် (၁၁၀) ပြည့် မွေးနေ့ အခမ်းအနားတွင် “သူတို့မြင်သော မင်းသုဝဏ်” စာအုပ်ကို မိတ်ဆက် ဖြန်ချိပေးခဲ့သည်။
(သတင်းစဉ်)
