ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး


Ministry of Information/ ​နေပြည်တော် / March 15, 2019
image_latest


နေပြည်တော် မတ် ၁၅

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက် မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြု တင်ပြ၍ လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။

ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ တွဲဖက် အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍  လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက် အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက  တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ တောင်သာမဲဆန္ဒနယ်မှ ဦးစစ်အေးကဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြု သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ် ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၁၇ အရ နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ခွဲဝေအပ်နှင်းသည်ဟု ပြဋ္ဌာန်းထား ပါကြောင်း၊ ထို့ပြင် (၂၁) ရာစုပင်လုံတွင် အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း (၁) တွင်ပါဝင်သည့် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမည်ဆိုသည့် အချက်အရလည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တိုင်းဒေသကြီး၊ ပြည်နယ် များဖြင့် ဖွဲ့စည်းရမည်ဆိုသည့် အချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၂၆၁ကို ပြင်ဆင်ပြီး ဒီမိုကရေစီအနှစ်သာရကို ပိုမိုတိုးမြှင့်ရယူနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်မည့် ဥပဒေ မူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာအား ကန့်ကွက်ပါ ကြောင်း ဆွေးနွေးသည်။

မက်မန်း မဲဆန္ဒနယ်မှ ဦးတင်အေး က ဦးသိန်းထွန်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂ဝရာခိုင်နှုန်းက တင်သွင်းခဲ့သည့် ဥပဒေမူကြမ်းကို လွှတ်တော်ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ အဆိုပါ ဥပဒေမူ ကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီက ဆောင်ရွက်မည့် ပြင်ဆင်ရေး လုပ်ငန်းစဉ် များတွင် ထည့်သွင်းဆောင်ရွက်မည်ကို လေးနက်စွာကန့်ကွက်ပါကြောင်း၊ နိုင်ငံတော်၏ အကျိုးစီးပွား၊ တိုင်းရင်းသား ပြည်သူလူထု၏ ဆန္ဒမျှော်လင့်ချက်များကို ရှေးရှုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော် နည်းဥပဒေများအတိုင်း ပြင်ဆင် ဖြည့်စွက် စိစစ်ဆောင်ရွက် နိုင်သည့် လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြစေလိုပါကြောင်း ဆွေးနွေးသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း က ကော်မတီ၏ အစီရင်ခံစာတွင် ပုဒ်မ ၂၆၁ကို ပြင်ဆင်မည် ဆိုပါက ဆက်နွယ်နေသောပုဒ်မများကိုပါ ထည့်သွင်းစိစစ်ရန် လိုအပ်ပါကြောင်းနှင့် ပုဒ်မတစ်ခုခြင်းကို ပြင်ဆင်ပါက ပြင်ဆင်လိုသည့် ဥပဒေကြမ်းများ လွှတ်တော်သို့ အကြိမ်ကြိမ် တင်သွင်းဆောင်ရွက်ရန်  လိုအပ်မည်ဟု လေ့လာတွေ့ရှိမှု အား တင်ပြထားပါကြောင်း၊ ထို့ကြောင့် ပုဒ်မ ၂၆၁ တစ်ခုတည်းကိုသာ ပြင်ဆင်သည့် ဥပဒေတစ်ရပ် အဖြစ် လွှတ်တော်သို့ သီးခြားတင်သွင်းသည့် ဥပဒေကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်သည့် လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီမှ ဆောင်ရွက်မည့် ပြင်ဆင်ရေးလုပ်ငန်းများတွင် ထည့်သွင်းပြီး ဆောင်ရွက်ခြင်းက စနစ်ကျမှုရှိသည့်အပြင် ထိုသို့ ပိုမိုပြည့်စုံစွာ စိစစ်ခြင်းက သင့်မြတ်လျော်ကန်မည်ဟူသော သဘောထားမှတ်ချက်ကိုလည်း ကြိုဆိုထောက်ခံပါကြောင်း ဆွေးနွေးသည်။

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းပြည် ငြိမ်းချမ်းမှု ဖြစ်စဉ်သည် အဓိက ပတ်သက်ဆက်နွယ်နေပါကြောင်း၊ ငြိမ်းချမ်းမှုရှိမှ နိုင်ငံ တည်ငြိမ်မှုရှိမည်ဖြစ်ပြီး တည်ငြိမ်မှုရှိမှ စီးပွားရေး တိုးတက်မှု ရရှိနိင်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းတည်ငြိမ်မှုရှိနိုင်ရန် မည်ကဲ့သို့ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး လိုအပ်မည်ကို လွှတ်တော်က ဖော်ဆောင်ပေးရန်လိုအပ်ပါကြောင်း၊ တိုင်းပြည်၏ အရင်းခံပြဿနာများအား ဖွဲ့စည်းပုံကို ကိုင်တွယ်၍ ဖြေရှင်းသွားရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံကိုယ်တိုင်က ပြဿနာများကို မီးမွှေးပေးခြင်းနှင့် ပိုမိုတောက်လောင်စေခြင်း မျိုးမဖြစ်စေရန် သတိပြုစေ လိုပါကြောင်း၊ ပြည်နယ်များအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့်ပြုရန် လိုအပ်သည်ကို မြင်မိပါကြောင်း၊ ပြည်နယ်များကို ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မဆန့်ကျင် စေဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းခွင့်၊ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို လွှတ်လပ်စွာ ကျင့်သုံးခွင့်ရှိစေမည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ပေါ်ပေါက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၂၆၁ အပြင် ဆက်စပ်ပုဒ်မများကို ပြင်ဆင်ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သိန်းထွန်းက ယခုပြင်ဆင်သည့် ဥပဒေကြမ်းသည် ဖက်ဒရယ်စနစ် လိုလားသူတိုင်းအတွက် အတည်ပြုပေးသင့်သည့် ပုဒ်မတစ်ခု ဖြစ်ပါကြောင်း၊ ပုဒ်မ ၂၆၁ တစ်ခုတည်းကို သီးခြားပြင်ဆင်ခြင်းသည် သင့်မြတ်မှုမရှိကြောင်း ဆိုသည့် အစီရင်ခံစာ၏ ဖော်ပြချက်သည် ကျိုးကြောင်းမဆီလျော်ပါကြောင်း၊ ပုဒ်မ၂၆၁ တစ်ခုတည်းကို ပြင်ဆင်မည်ဆိုပါက ပြင်ဆင်၍ရသည့် ပုဒ်မဖြစ်ပါကြောင်း၊ ယင်းပုဒ်မသည် တိုင်းရင်းသားများ အကျိုးစီးပွားနှင့် ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ ဦးတည်ချက် ဖြစ်သောကြောင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသင့်သည့် ပြင်ဆင်ချက် ဥပဒေမူကြမ်း ဖြစ်ပါကြောင်း၊ သို့မှသာ ယနေ့ပြောကြားနေသည့် အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ် စနစ်တည် ဆောက်ရေးဆိုသည့် ကြွေးကြော်မှုများကို လက်တွေ့သက်သေပြနိုင် လိမ့်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆောင်ရွက်ထားသည့် စိစစ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာကို ပယ်ဖျက်သင့်ပါကြောင်းနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က ဥပဒေနှင့်အညီ ဆက်လက်ဆွေးနွေးဆုံးဖြတ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ  ဦးပူဂင်ကမ်းလျန်၊ တပ်မတော်သားပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးအောင်ကျော်ဦး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်၊ တပ်မတော် သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး မြတ်ကို၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်)ရှားမီး၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ရဲနိုင်လွင်၊ လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်မိုး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဒေါက်တာ ကျော်ငွေ၊  တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲထွန်းနိုင်၊  မချမ်းဘော မဲဆန္ဒနယ်မှ ဦးနန်မွန်ထင်၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်နှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးတို့က ဆက်လက်ဆွေးနွေး ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ အထက်ပါအစီရင်ခံစာနှင့် စပ်လျဉ်း၍ ကျန်ရှိသည့်လုပ်ငန်းစဉ်များကို (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန် လျာထားပါကြောင်း အသိပေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှ ယနေ့အထိ အစည်းအဝေးကာလ (၂) လခန့်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ၁၆ ရက် ကျင်းပခဲ့ပါ ကြောင်း၊ ယင်းကာလအတွင်း ထုတ်ပြန် ကြေညာပြီး ဥပဒေ (၇) ခု အပါအဝင် ဥပဒေကြမ်း ၁၃ ခု ကို ဆွေးနွေးအတည်ပြု ပေးနိုင်ခဲ့ ပါကြောင်း၊ ထို့အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် သက်ဆိုင်သည့် ကိစ္စရပ် (၅)ခုနှင့် အဖွဲ့အစည်းအဝေးဆိုင်ရာ အစီရင်ခံစာ (၅)ခု အပါအဝင် လွှတ်တော်ဆိုင်ရာ အခြား ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖွဲ့စည်းပြီး ကော်မတီ အတွက် ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာ အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ကျန်ရှိသည့် လုပ်ငန်းစဉ်များကို ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး အဖြစ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည့်  ယခုကာလတွင် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများအတွက် မှန်ကန်သည့် စေတနာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ စွာဖြင့် ပြည်သူ့အကျိုးစီးပွားကို ပြည်သူများနှင့်အတူ လက်တွဲညီညီ ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ်  ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့ ကျင်းပပြီးစီးပြီ ဖြစ်ပါကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာသည်။

အောင်မော်၊ အေးအေးသန့်(သတင်းစဉ်)