ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရန် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှု
Ministry of Information/ နေပြည်တော် / March 22, 2019

ရန်ကုန် မတ် ၂၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏမြို့ရှိ The One Entertainment Park သို့ ရောက်ရှိပြီး မတ် ၂၃ ရက်တွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ကြိုဆိုဧည့်ခံရေးနှင့် နေရာချထားမှု အခြေအနေများ၊ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပေးအပ်မည့်စင်မြင့်နှင့် အကြိုဇာတ်တိုက်လေ့ကျင့်မှုများ၊ သတင်း ရယူမည့် သတင်းမီဒီယာများအတွက် စီစဉ်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တာဝန်ရှိသူများက ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က လိုအပ်သည် များကို ဖြည့်စွက်မှာကြားသည်။
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၂၃ ရက် ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ ညနေ ၃ နာရီခွဲမှစ၍ တိုက်ရိုက် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)