ဘားအံမြို့တွင်ပြုလုပ်သော (၇၃)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

ဘားအံမြို့တွင်ပြုလုပ်သော (၇၃)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 06, 2019


ဘားအံ - မေ(၅)
 (၇၃)နှစ်မြောက်မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်း၌ မေလ(၅) ရက်နေ့၊ နံနက်(၈)နာရီအချိန်က စတင်ကျင်းပခဲ့သည်။
 ပထမပိုင်းတွင် နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော မီးသက်တပ်ဖွဲ့ဝင်များအား အလေးပြုပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က (၇၃)နှစ်မြောက်မီးသက်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားပြီး ဒုတိယပိုင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌဦးစောချစ်ခင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တတ်ရောက်ကြသည်။
 ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြိမ်းသတ်ရေးတာဝန်သာမက ယနေ့ ခေတ်၏လိုအပ်ချက်အရ ပြည်သူလူထုအပေါ်ကျရောက်မည့် သဘာဝဘေးနှင့်အခြားသော အန္တရာယ်များမှ ရှာဖွေကယ်ဆယ်ဆောင်ရွက်နိုင်ရန်အတွက် သင်ကြားတတ်မြောက်ရေး အစဉ်အမြဲ လေ့ကျင့်နေလျှက်ရှိရာ မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်စွမ်းရည် သရုပ်ပြသခြင်းတွင် အထပ်မြင့်တိုက်များ မီးလောင်ရာတွင် ကြိုးကူးနည်းစနစ်များ၊ မီးငြိမ်းသတ်ရေးစွမ်းရည်အမျိုးမျိုးသရုပ်ပြသခြင်း၊ မီးသတ်ယာဉ်စက်များ၏ စွမ်းရည်သရုပ်ပြသခြင်းများ ဆောင်ရွက်ပြသခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။
 ဆက်လက်၍ ပြည်နယ်အတွင်း ထူးချွန်မီးသတ်တပ်ဖွဲ့ဝင်များအား ထူးချွန်ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က စခန်းသန့်ရှင်းသာယာလှပရေးဆု၊ ယာဉ်မောင်းသင်တန်းဆု၊ အင်္ဂလိပ်စာသင်တန်းဆု၊ မီးသတ်ပညာနည်းပြ (အခြားအဆင့်) သင်တန်းဆု၊ ပြည်နယ်အတွင်း အကြိုအခြေခံသင်တန်းအများဆုံးဖွင့်လှစ်နိုင်မှုဆု၊ မီးငြိမ်းသတ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည့် တပ်ဖွဲ့ဝင်ဆုများကို ချီးမြှင့်ပေးခဲ့ပြီး မီးသတ်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။