ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားနိုင်ရေးအတွက် အစည်းအဝေးကျင်းပ

ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများမှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားနိုင်ရေးအတွက် အစည်းအဝေးကျင်းပ


Ministry of Transport and Communications/ Nay Pyi Taw / June 06, 2019


မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား ၂၀၁၉  ခုနှစ်၊  အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားနိုင်ရေးအတွက်  တတိယ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ်(၂) နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဌ ဒေါက်တာဦးထွန်းသူရသက်တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်များ၊ မိုဘိုင်းဆက်သွယ် ရေးအော်ပရေတာများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင်  မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှစ၍ ပြောင်းလဲအသုံးပြုသွားရန်နှင့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ်အား ပြောင်းလဲအသုံးပြုသွားမည့် သတ်မှတ်ရက်မတိုင်မီ ကြိုတင် စမ်းသပ်မှုများ (Pre- testing)၊ ပြောင်းလဲအသုံးပြုနိုင်မည့် လုပ်ငန်းအစီအစဉ်များ (Migration Schedules)၊ ကြိုတင်အသိပေးခြင်းများ (Pre- informing) အပြင် နည်းပညာပိုင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ (Technical Support) ပံ့ပိုးပေးနိုင်မည့်အခြေအနေများအား ဆွေးနွေးခဲ့ကြပြီး မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများက သိရှိလိုသည်များအား ပြန်လည် တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။