အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင် ရောမမြို့တွင် ကျင်းပပြုလုပ်သော အာဆီယံနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ခြင်း

အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင် ရောမမြို့တွင် ကျင်းပပြုလုပ်သော အာဆီယံနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ခြင်း


Ministry of Foreign Affairs/ Nay Pyi Taw / August 09, 2019


(၈-၈-၂၀၁၉ ရက်၊ ရောမမြို့)

(၅၂) နှစ်မြောက် အာဆီယံထူထောင်သည့် အထိမ်းအမှတ် အာဆီယံနေ့အခမ်းအနားကို ရောမမြို့ အာဆီယံကော်မတီ (ASEAN Committee in Rome-ACR) အလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူသည့် ဖိလစ်ပိုင်နိုင်ငံသံရုံး၌ ၈-၈-၂၀၁၉ ရက်တွင် ကျင်းပခဲ့ရာ အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင်နှင့်ဇနီး နှင့်သံရုံးမိသားစုများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားကို ရောမမြို့ရှိ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် ဗီယက်နမ်သံရုံး (၆) ရုံး စုပေါင်းကျင်းပခဲ့ကြခြင်းဖြစ်ပြီး အခမ်းအနားသို့ အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်မိသားစုများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ရောမမြို့ အာဆီယံကော်မတီဥက္ကဋ္ဌ ဖိလစ်ပိုင် သံအမတ်ကြီး Mr. Domingo P. Nolasco မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အာဆီယံသံအမတ်ကြီးများမှ အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ခြင်း၊ သံရုံးများမှ ရိုးရာယဉ်ကျေးမှု အနုပညာများဖြင့် ဖျော်ဖြေခြင်း၊ ရိုးရာအစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ တေးသီချင်းများ စုပေါင်းသီဆိုခြင်းတို့ဖြင့် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရောမမြို့၊ မြန်မာသံရုံးမှ ဦးရွှေရိုးနှင့်ဒေါ်မိုးအကဖြင့် ဖျော်ဖြေ၍ မြန်မာ့ရိုးရာ အစားအစာဖြစ်သည့် မုန့်ဟင်းခါးနှင့် အုန်းနို့ကျောက်ကျောတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။