၂၀၂ဝ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ကြိုတင်စိစစ်ရေး အစည်းအ ဝေး ကျင်းပ

၂၀၂ဝ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ကြိုတင်စိစစ်ရေး အစည်းအ ဝေး ကျင်းပ


Ministry of Information/ ​နေပြည်တော် / September 30, 2019
image_latest


 

 

နေပြည်တော် စက်တင်ဘာ ၃၀

၂၀၂ဝခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် ကြိုတင်စိစစ်ရေး အစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည် တော်ရှိ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ရုံးအမှတ် (၄၁) အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် ပဏာမ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့် က ၂၀၂ဝခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး ပဏာမစိစစ်ရေးအဖွဲ့သို့ ပြည်ထောင် စုအဆင့်ရုံး၊ ဌာနနှင့် အဖွဲ့အစည်း (၅၅)ခုတို့မှ ထောက်ခံတင်ပြထားပြီး အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီတို့မှ ထောက်ခံ တင်ပြရန် မရှိသည်ကို တင်ပြလာပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူး ဆောင်တံဆိပ်များ အနေဖြင့် စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များဟူ၍ (၂)မျိုးခွဲခြားထားပြီး ယခုနှစ် ထောက်ခံတင်ပြလာရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စွမ်းရည်သတ္တိဆိုင်ရာ တံဆိပ်ဖြစ်သည့် ရဲဗလတံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ တံဆိပ်ဖြစ်သည့် ရဲသူရိန်တံဆိပ်၊ ရဲမှုထမ်းကောင်းတံဆိပ်နှင့် နိုင်ငံတော်ရဲမှုထမ်းတံဆိပ် ၊ မီးသတ်ဦးစီးဌာနမှ ရဲဗလတံဆိပ်၊ ရဲကျော်စွာတံဆိပ်တို့အား ထောက်ခံတင်ပြလာ သည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတံဆိပ်များကို ၂ဝဝ၉ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ရမည်ဖြစ်ပါကြောင်း။

ပြည်သူ့ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်မှုဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ ၂ဝဝ၉ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့/ တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ပါ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်အတွက် အရည်အချင်းသတ်မှတ်ချက်များဖြစ်သည့် အမှုထမ်းသက် အနည်းဆုံး (၂၆)နှစ်ရှိခြင်း၊ အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုလုံးဝကင်းရှင်းသူဖြစ် ခြင်းနှင့် ပြဋ္ဌာန်းခွင့်ပြုထားသည့် အမှတ်ပေးစနစ်အရ စုစုပေါင်း အနည်းဆုံးအမှတ်(၃၀) ရရှိခြင်းဆိုသည့် အချက်များနှင့် လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းတံဆိပ်အတွက် အရည် အချင်းသတ်မှတ်ချက်ဖြစ်သည့် အမှုထမ်းသက် အနည်းဆုံး (၁၅)နှစ်ရှိခြင်း၊ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်းနိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ အလုပ်တာဝန် ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း၊ အမှုထမ်းခဲ့သည့် ကာလအတွင်း ပြစ်မှုလုံးဝကင်းရှင်း သူဖြစ်ခြင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်အတွက် အရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်မှစ၍ နိုင်ငံတော်တစ်ဝန်း လုံး၌ ပြည်တွင်းငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ပြည်သူ့ဝန်ထမ်းအဖြစ် အနည်းဆုံး(၂)နှစ် တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဝန်ထမ်းများအပါအဝင် ပြည်သူ့ဝန်ထမ်းများဖြစ်ခြင်း ဆိုသည့် အချက်များနှင့် စိစစ်ရခြင်း ဖြစ်ပါကြောင်း။

ထို့ကြောင့် ၂၀၂ဝခုနှစ်တွင် ချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ် ထူးဆောင် တံဆိပ်များနှင့် ပတ်သက်၍ အမှားအယွင်းမရှိစေရေး၊ နောက်ဆုံးအခြေအနေ နှင့် ကိုက်ညီမှု ရှိစေရေးတို့အတွက် မူလထောက်ခံတင်ပြထားသည့် ဝန်ထမ်းများထဲမှ ကွယ်လွန်သူ၊ ပြစ်ဒဏ်ချမှတ်ခံရသူများ ရှိပါက တင်ပြဆွေးနွေးနိုင်ရေးအတွက် ယခုကဲ့သို့ ဖိတ်ကြားပြီး ကြိုတင်စိစစ်ညှိနှိုင်းမှုများ ပြုလုပ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထွေထွေဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း က ၂၀၂ဝခုနှစ်တွင် ဂုဏ် ထူးဆောင်ဘွဲ့/ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရန်အတွက် ရုံး၊ အဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် စည်ပင်သာယာရေးကော်မတီများမှ ထောက်ခံ တင်ပြထားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရုံး၊ အဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် စည်ပင်သာယာရေးကော်မတီများမှ တာဝန်ရှိသူများက မိမိတို့ဌာန အလိုက် ထောက်ခံ တင်ပြထားသော ပြည်သူ့ဝန်ထမ်းဆိုင် ရာ စွမ်းဆောင်မှု ဂုဏ်ထူး ဆောင်တံဆိပ်များနှင့် ပတ်သက်၍ မှန်ကန်မှု ရှိ/မရှိ၊ နောက် ဆုံးအခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ဝင်းထွန်းနှင့် မီးသတ်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူတို့က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီး ဌာနမှ ထောက်ခံတင်ပြထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်မြင့်က နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)