COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၆/၂၀၂၀) ကျင်းပ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄၆/၂၀၂၀) ကျင်းပ


Ministry of Information/ ​နေပြည်တော် / April 02, 2020
image_latest


နေပြည်တော် ဧပြီ ၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄၆/၂၀၂၀)သို့ တက်ရောက်သည်။

ခွဲခြားဆက်ဆံမှုများမပြုလုပ်စေရန်အရေးကြီး

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့နိုင်ငံတွင် ယနေ့အထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၁၅ ဦးတွေ့ရှိနေရပြီဖြစ်ပြီး နိုင်ငံပြင်ပမှ ကူးစက် ဝင်ရောက်မှုများအပြင် နိုင်ငံတွင်းကူးစက်မှု လည်းပါဝင်နေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သံသယ လူနာများ ရှာဖွေဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သူ များအား ရှာဖွေဖော်ထုတ်၍ အသွားအလာ ကန့်သတ် ခြင်း၊ ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြည်တွင်းသို့ ရောက်ရှိလာသူများအား အသွားအလာ ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များဆောင်ရွက် ရာတွင် စီမံခန့်ခွဲမှုကဏ္ဍ၊ ကွင်းဆင်းကြီးကြပ်မှု၊ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှု ကဏ္ဍများတွင်လည်း ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံး၊ တက္ကသိုလ်များအားလုံးမှ ပါဝင်ဆောင်ရွက် နေခြင်း ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာနေရာ (quarantine site)များ စီမံခန့်ခွဲမှု၊ အသွားအလာကန့်သတ်ခြင်းခံရသူများ စည်းကမ်းလိုက်နာဆောင်ရွက်စေရေး ကြီးကြပ် ဆောင်ရွက်မှုတို့ကို အထူး အလေးထား စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာနေရာအားလုံးတွင် လိုက်နာရမည့် စည်းကမ်းချက် ပိုစတာများကို နေရာအနှံ့ကပ်ထား ရမည် ဖြစ်ပါ ကြောင်း၊ အသွားအလာ ကန့်သတ်ခြင်း ၁၄ ရက်တာကာလပြည့်မြောက်မည့် လူဦးရေအလိုက် စာရင်းဇယားများ ပြုစုထားရှိခြင်းနှင့် အသွားအလာ ကန့်သတ်ခြင်း ၁၄ ရက်တာကာလပြည့် မြောက်သူများအား ပြည့်မြောက်ကြောင်း လက်မှတ်ထုတ်ပေးနိုင်ရေးတို့ကို ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ အသွားအလာ ကန့်သတ်ခြင်း ၁၄ ရက်တာကာလ ပြည့်မြောက် သူများသည် ကျန်းမာရေးကောင်းမွန်သူ၊ ရောဂါမရှိသူများ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမည်ကို စိုးရိမ်ပြီးခွဲခြားဆက်ဆံမှုများ မပြုလုပ်စေရန်မှာ အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင် အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အတွေ့အကြုံများ၊ အခက်အခဲများနှင့်ပတ်သက်၍လည်း ယခုအစည်းအဝေးတွင် ဝေမျှပြောကြားစေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တစ်ခုမှ ကောင်းမွန်သည့်လုပ်ဆောင်ချက်ကို အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ လိုက်လံလုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည်၍ လက်ကိုင်အသံချဲ့စက်ငယ်များ (သို့မဟုတ်)အသံချဲ့စက်များ အသုံးပြု၍ ကျန်းမာရေး အသိပေး နှိုးဆော် မှုများပြုလုပ်ခြင်းသည် အထူးထိရောက်သည့် နည်းဗျူဟာ ဖြစ်သည့်အတွက် ပိုမိုအားဖြည့်ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ထိုသို့ပြောကြားရာတွင်လည်း ပြည်သူများ စိတ်ဝင်စားမှု ရှိအောင် ပြောကြားရမည် ဖြစ်ပါကြောင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပေး နှိုးဆော်မှုများပြုလုပ်ရာတွင် အသုံးပြုနိုင်ရေးအတွက် ဝန်ကြီးဌာနမှ ကျန်းမာရေး အသိပညာပေးမှု အကြောင်းအရာရှစ်မျိုးကို ပြုစုဖြန့်ဝေ ထားရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် ဝေဘာဂီ အထူးကုဆေးရုံကြီးတွင်သာမက လူနာများပိုမိုများပြားလာပါက ကုသမှုပေးနိုင်ရေးအတွက် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိ လူနာဆောင် သစ်နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တို့တွင် ကြိုတင်စီစဉ် ဆောင်ရွက်လျက်ရှိပါ ကြောင်း။

အမြန်ဆုံးတင်ပြစေလိုပါကြောင်း

ထိုသို့ဆောင်ရွက်နေမှုတွင် ပံ့ပိုးပေးနေသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း COVID-19 လူနာများ ပိုမိုများပြားလာပါက ထားရှိကုသမှု ပေးနိုင်ရန်အတွက် ဆေးရုံများကို ကြိုတင်သတ်မှတ်ထား ရှိကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဆေးရုံများမှ အထူးကြပ်မတ်ကုသဆောင်များကို ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်နှင့် လိုအပ်ချက်များကို စာရင်းပြုစုကာ အမြန်ဆုံးတင်ပြစေလို ပါကြောင်း၊ ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဆေးရုံရှိ အထူးကုဆရာဝန်ကြီးများနှင့် ဆေးရုံအုပ်ကြီးများမှ တိုင်ပင်ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း၊ ယခုအချိန်တွင် အရင်းအမြစ် များ စီမံခန့်ခွဲမှုနှင့် အရင်းအမြစ်များ ဗျူဟာကျရွှေ့ပြောင်းမှု (resource mobilization) တို့သည် အထူး အရေးကြီးပါကြောင်း၊ မိမိတို့အနေဖြင့် လာမည့်လေးပတ်တာကာလအတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပီပြင်စွာဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့ နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချကာကွယ် နိုင်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များ အကြားတွင်လည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာ ဆေးပညာရပ် အထူးကုဆရာဝန်များ အကြားတွင်လည်းကောင်း ယခုကဲ့သို့ Video Conferencing ပုံစံအစည်းအဝေးများ ပုံမှန်ပြုလုပ်ဆွေးနွေးတိုင်ပင်ကြ စေလိုပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ညွှန်ကြား ရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ဆေးသုတေသန ဦးစီးဌာန)နှင့် ဗဟိုအဆင့်တာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်မှလည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများက သက်ဆိုင်ရာဌာန/ ဆေးရုံများမှလည်းကောင်း ပါဝင် တက်ရောက်ခဲ့ပြီး အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ စီမံဆောင်ရွက်နေမှုများနှင့် တွေ့ကြုံရသော အခက်အခဲ များ၊ အသွားအလာကန့်သတ်ခြင်း ဆောင်ရွက်ရာနေရာများကို ကြီးကြပ်ဆောင်ရွက်ရန် မြို့နယ်များတွင် quarantine officer များ တာဝန်ပေးအပ်ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 လူနာများအား ကြိုတင်သတ်မှတ်ထားသောဆေးရုံ (designated hospital) များတွင် ကုသမှုပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များ၊ ကုသရေးလုပ်ငန်းလမ်းညွှန်များ မွမ်းမံပြင်ဆင် ထားရှိမှုများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် Clinical Management Committee များဖွဲ့စည်း ဆောင်ရွက်နေမှုများအပါအဝင် ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး COVID-19 လူနာ ထားရှိ ကုသမည့် သတ်မှတ်ဆေးရုံ (designated hospital) များသို့ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၊ ဆေးနှင့် ဆေးပစ္စည်းအရင်းအမြစ်များကို resource mobilization အနေဖြင့် ရွှေ့ပြောင်းထားရှိနိုင်ရေး တိုင်ပင် ညှိနှိုင်းရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် (risk allowance) ပေးအပ်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်

HOT NEWS
January 4,