MSME များ ဖွံ့ဖြိုးရေးအတွက် အစားအသောက်ဓာတ်ခွဲခန်းစင်တာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ
MSME များ ဖွံ့ဖြိုးရေးအတွက် အစားအသောက်ဓာတ်ခွဲခန်းစင်တာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ
Ministry of Information/ Naypyitaw / March 07, 2025

နေပြည်တော် မတ် ၆
မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၂)ဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် ဆိုလာသင်တန်းစင်တာဖွင့်ပွဲ၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာဖွင့်ပွဲနှင့် ဆိုလာစနစ်များအသုံးပြုမှုမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲအခမ်းအနားများကို ယနေ့တွင် ရန်ကုန်မြို့ရှိ အဆိုပါဦးစီးဌာန၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ စက်မှုလက်မှုနှင့် ဆိုလာကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် နေရောင်ခြည်စွမ်းအင်ပြခန်း၊ ဓာတ်ခွဲခန်းစင်တာကို ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ရင်းမြစ်များမှ အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်ပြခန်း၌ ဆိုလာအသိပညာများနှင့် ဆိုလာသင်တန်းစင်တာ၌ ခေတ်မီနည်းပညာများကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် MSME များဖွံ့ဖြိုးရေးအတွက် အစားအသောက်ဓာတ်ခွဲ ခန်းစင်တာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ယခုစီမံကိန်းမှတစ်ဆင့် နည်းပညာဆက်လက်မြှင့်တင်သွားရန်နှင့် သုတေသန ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်သံမှူးကြီး Dr. Zheng Zhihong က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာနှင့် နေရောင်ခြည်စွမ်းအင်ပြခန်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆိုလာစနစ်များအသုံးပြုမှုမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲတက်ရောက်ပြီး နိုင်ငံတကာနှင့် ပြည်တွင်းဆိုလာပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်