ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား သောတာပန်ဆီလှူဒါန်း
Ministry of Information/ နေပြည်တော် / April 07, 2018
နေပြည်တော် ဧပြီ ၇
နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ် များရှိ စာသင်တိုက်များတွင် ဝါဆိုဝါကပ်တော်မူကြသော စာချ၊ စာသင်ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား အဂ္ဂမဟာဂ္ထဝါစက ပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဓမ္မကထိက ဗဟုဇနဟိတဓရ ဓမ္မဒူတဒေါက်တာအရှင် ဆေကိန္ဒ ဦးစီးသည့် ဒါယကာ၊ ဒါယိကာမများက သောတာပန် ဆီလှူန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်တွင် ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ် ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် လယ်ဝေးမြို့ ပေါက်မြိုင် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္တဇနိန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူကြသည့်ပရိတ်တရားတော်များအား နာယူကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီးတို့က ပေါက်မြိုင် ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးနှင့် ပြည်ထောင်စုဝန်ကြီး များ၏ဇနီးများက သီလရှင်ဆရာကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် အခမ်းအနား တက်ရောက် လာကြသူများသည် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒထံမှ အနုမောဒနာ တရားနာယူ တော်မူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပဥ္စမအကြိမ်မြောက် သောတာပန်ဆီ အလှူတော်မင်္ဂလာမဟာအခမ်းအနားတွင် နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ ကျောင်းတိုက် ၆၈ ကျောင်းသို့ သောတာပန်ဆီ ၃၆၀၂ ပိဿာနှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်ကျပ် ၁၅၄ သိန်းကျော်အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
