ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်


Ministry of Information/ Naypyitaw / July 02, 2024
image_latest


မြစ်ကြီးနား ဇူလိုင် ၂

ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက်နေ့နံနက်ပိုင်းမှစတင်ပြီး မြင့်တက်လာခဲ့ရာ ဇူလိုင် ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် မြစ်ရေသည် ညအချိန်တိုင်းတာချက်အရ ၁၄၀၆ စင်တီမီတာအထိ အမြင်ဆုံးမြင့်တက်လာခဲ့သဖြင့် မြို့ပေါ် (၂၈) ရပ်ကွက်တွင် (၁၇) ရပ်ကွက်နှင့် အာလမ်ကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာ အမြန်ဆုံးကယ်ဆယ်နေရာချထားပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ ရေဝင်ရပ်ကွက်များအား အပိုင်းလိုက်တာဝန်ခွဲဝေချထားပြီး ရေယာဉ်၊ ကားများ စနစ်တကျစုဖွဲ့၍ ရှာဖွေကယ်ဆယ်‌ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက ညအချိန်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ မြစ်ရေမြင့်တက်မှုဖြစ်စဉ်ကြောင့် ရေဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ရေဘေးရှောင်စခန်း (၃၇) ခုထိ ဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု စုစုပေါင်း (၂၀၆၄) စုတို့အား ကူညီကယ်ဆယ်ပေးခဲ့ကြကာ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျစုဖွဲ့၍ ဆောင်ရွက်ပေးခဲ့ကြသည်။

ဧရာဝတီမြစ်ရေသည် ယနေ့နံနက်အစောပိုင်းမှစတင်၍ မြစ်ရေသည် ပြန်လည်ကျဆင်းလာခဲ့ပြီး မွန်းလွဲ ၂ နာရီတိုင်းထွာချက်အရ ၁၂၅၁ စင်တီမီတာအထိ ကျဆင်းသွားပြီဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်သူများအားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြည်သူများထိခိုက်မှု အနည်းဆုံးဖြင့် အချိန်နှင့်တစ်ပြေးညီ စနစ်တကျစုဖွဲ့၍ ရှာဖွေကယ်ဆယ်နိုင်ခဲ့မှု အခြေအနေများ၊ မြစ်ကြီးနားမြစ်ရေကျဆင်းပြီး ဗန်းမော်မြို့၊ ရွှေကူမြို့တို့တွင် မြစ်ရေမြစ်တက်လာနိုင်မှုအပေါ် ကြိုတင်စီမံဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ တနိုင်းနှင့်ဖားကန့်တို့တွင် သဘာဝဘေးဖြစ်စဉ် ဖြစ်ပွားမှု/ဖြစ်ပေါ်နိုင်သည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါကပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ကနဦးလိုအပ်ချက်များ စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေး၊ လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်နိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ စီတာပူတံတားအနီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စုဖွဲ့၍ ရပ်ကွက်ရေဝင်ရောက်မှုအပေါ် ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ လယ်ကုန်းရပ်ကွက်အတွင်း သယံဇာတရေးရာဝန်ကြီးဦးဆောင်၍ အစုအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ကျွေးမွေးရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့သစ်ရပ်ကွက်အတွင်း ပြည်ထောင်စုလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံနေရာမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များစုဖွဲ့၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နေအိမ်များသို့ ပြန်လည်ရွေ့ပြောင်းနေထိုင်မည့် အိမ်ထောင်စုများအား ကူညီဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ရေဘေးရှောင်မိသားစုများအတွက် နေ့လည်စာထမင်းဘူးများကို စက်လှေများဖြင့် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များတွင် ရေဝင်ရောက်ခဲ့ပြီး ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်မြို့ပေါ်ရပ်ကွက်များ အပါအဝင် စန်းကား၊ နောင်တာလော၊ မုတ်လွဲ၊ မိုင်းနား၊ မခန္တီး၊ နောင်ချိန်း ကျေးရွာများတွင်လည်း ရေဝင်ရောက်ခဲ့မှုကြောင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်၍ နီးစပ်ရာဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ရေဘေးရှောင်စခန်းပေါင်း (၁၂) ခုဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)