ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း၌ ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း၌ ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု


Ministry of Home Affairs/ နေပြည်တော် / June 04, 2025


    ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက် နံနက် ၆ နာရီခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုဖြစ်ပွားပြီး မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ကြက်ပေါင်ခြံရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်၊ မြေမြင့်ရပ်ကွက်၊ ပမ္မတီးရပ်ကွက်၊ ရွှေညောင်ပင်ရပ်ကွက်၊ ရန်ကြီးအောင်ရပ်ကွက်၊ အောင်နန်းရပ်ကွက်၊ ယုဇနရပ်ကွက်၊ ခေမာသီရပ်ကွက်၊ နန်းကွေ့ရပ်ကွက်၊ သီတာရပ်ကွက်နှင့် ရှမ်းစုတောင်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းလူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကချင်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် ကူညီရွေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါကူညီရွေ့ပြောင်းပေးမှုအနေဖြင့် ကြက်ပေါင်ခြံရပ်ကွက်မှ အိမ်ထောင်စု ၁၁၈ စု၊ လူဦးရေ ၄၄၈ ဦးတို့အား ကြက်ပေါင်ခြံရပ်ကွက်ရှိ ရွှေဆုပန်ဘုန်းတော်ကြီးကျောင်း၊ အခြေခံပညာမူလတန်းကျောင်း၊ ဆင်နှစ်ကောင်ဘုန်းတော်ကြီးကျောင်း၊ ကြက်ပေါင်ခြံဂေါက်ကွင်းနှင့် ရဝမ်နှစ်ခြင်းဘုရားကျောင်း များသို့လည်းကောင်း၊ လယ်ကုန်းရပ်ကွက်မှ အိမ်ထောင်စု ၆၀၂ စု၊ လူဦးရေ ၂,၈၀၂ ဦးတို့အား လယ်ကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၊ ပေါ်ဦးဘုန်းတော်ကြီးကျောင်းနှင့် ဇီးအုန်ဘုရားကျောင်းများသို့လည်းကောင်း၊ ရမ်ပူရပ်ကွက်မှ အိမ်ထောင်စု ၄၈၉ စု၊ လူဦးရေ ၂,၄၀၁ ဦးတို့အား ရမ်ပူရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးရုံးဝင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မာမကဘုန်းတော်ကြီးကျောင်း၊ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း၊ ဆုထူးပန် ဘုန်းတော်ကြီးကျောင်း၊ ရွှေဘိုဘုန်းတော်ကြီးကျောင်းနှင့် လီဆူးကျမ်းစာသင်ကျောင်းများသို့ လည်းကောင်း၊ မြို့သစ်ကြီးရပ်ကွက်မှ အိမ်ထောင်စု ၁၉၅ စု၊ လူဦးရေ ၈၈၀ ဦးတို့အား မြို့သစ်ကြီးရပ်ကွက်ရှိ အောင်ဇေရန်အောင်ဘုန်းတော်ကြီးကျောင်းများသို့လည်းကောင်း။
    မြေမြင့်ရပ်ကွက်မှ အိမ်ထောင်စု ၁၅၄ စု၊ လူဦးရေ ၆၉၇ ဦးတို့အား မြေမြင့်ရပ်ကွက်ရှိ  မြေမြင့်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ပမ္မတီးရပ်ကွက်မှ အိမ်ထောင်စု ၄၆ စု၊ လူဦးရေ ၁၄၆ ဦး တို့အား ပမ္မတီးရပ်ကွက်ရှိ အောင်မြေစံဘုန်းတော်ကြီးကျောင်းနှင့် ကရင်နှစ်ခြင်းအသင်းတော်များသို့ လည်းကောင်း၊ ရွှေညောင်ပင်ရပ်ကွက်မှ အိမ်ထောင်စု ၁၇၃ စု၊ လူဦးရေ ၇၂၄ ဦးတို့အား ရွှေညောင်ပင် ရပ်ကွက်ရှိ သုဝဏ္ဏဗောဓိဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ရန်ကြီးအောင်ရပ်ကွက်မှ အိမ်ထောင်စု  ၉၃ စု၊ လူဦးရေ ၄၅၆ ဦးတို့အား ရန်ကြီးအောင်ရပ်ကွက်ရှိ  အံတော်ရှင်ကျောင်းတိုက်သို့လည်းကောင်း၊ အောင်နန်းရပ်ကွက်မှ အိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၃၆၈ ဦးတို့အား အောင်နန်းရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံသို့လည်းကောင်း၊ ယုဇနရပ်ကွက်မှ အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၁၈၂ ဦးတို့အား ယုဇနရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ ခေမာသီရိရပ်ကွက်မှ အိမ်ထောင်စု ၇၉ စု၊ လူဦးရေ ၄၁၈ ဦးတို့အား ခေမာသီရိရပ်ကွက်ရှိ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းနှင့် ချင်းကြိမ်းပန်းသေးဗလီသို့လည်းကောင်း၊ နန်းကွေ့ရပ်ကွက်မှ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၅၈ ဦး တို့အား နန်းကွေ့ရပ်ကွက်ရှိ  စိန်ယောဟန်ဘုရားကျောင်းသို့လည်းကောင်း၊ သီတာရပ်ကွက်မှ အိမ်ထောင်စု ၃၁ စု၊ လူဦးရေ ၁၄၁ ဦးတို့အား သီတာရပ်ကွက်ရှိ  အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ လည်းကောင်း၊ ရှမ်းစုတောင်ရပ်ကွက်မှ အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ၅၁၀ ဦးတို့အား ရှမ်းစုတောင် ရပ်ကွက်ရှိ  မန္တလေးကျောင်းတိုက်သို့လည်းကောင်း စုစုပေါင်း အိမ်ထောင်စု ၂,၂၄၁၊ လူဦးရေ ၁၀,၂၃၁ တို့အား ကူညီရွေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,