ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်၌ လေကြောင်းလိုင်းများဆင်းသက်မှု ရက်ပေါင်း ၄၀ ကျော် ရပ်နားထားခဲ့ပြီး ယနေ့မှစ၍ ပြန်လည်ပြေးဆွဲ

ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်၌ လေကြောင်းလိုင်းများဆင်းသက်မှု ရက်ပေါင်း ၄၀ ကျော် ရပ်နားထားခဲ့ပြီး ယနေ့မှစ၍ ပြန်လည်ပြေးဆွဲ


Ministry of Information/ Naypyitaw / April 05, 2026
image_latest


မြစ်ကြီးနား ဧပြီ ၄

ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ရပ်နားထားခဲ့ရာမှ ဧပြီ ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

ရက်ပေါင်း ၄၀ ကျော်ကြာ ရပ်နားထားခဲ့

ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်း ထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ လေယာဉ်ပြေးဆွဲမှုများကို ရက်ပေါင်း ၄၀ ကျော်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

အလှည့်ကျပြေးဆွဲသွားမည်

ယနေ့တွင် ပြည်တွင်းပြေးဆွဲလျက်ရှိသော Air ThanLwin လေကြောင်းလိုင်း စတင်ပြေးဆွဲခြင်းဖြစ်ပြီး အများပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးအတွက် မြစ်ကြီးနား လေဆိပ်မှ ပုံမှန်ပြေးဆွဲနေကြသော လေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း လိုင်း၊ Air ThanLwin လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်း စသည့်လေကြောင်းလိုင်းလေးခုမှ တစ်ပတ်လုံးအလှည့်ကျပြေးဆွဲသွားမည်ဖြစ်ကာ ပူတာအိုလေဆိပ်သို့လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နှစ်ရက်ပြေးဆွဲပေးသွားမည်ဖြစ်သည့်အပြင် မန်းရတနာပုံလေကြောင်း လိုင်းနှင့် မင်္ဂလာလေကြောင်းလိုင်းတို့မှလည်း ပူတာအိုသို့ ပြေးဆွဲနိုင်ရေး စီစဉ်ထားကြောင်း မြစ်ကြီးနားလေဆိပ်တာဝန်ခံ ဦးစည်သူက ပြောသည်။

ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်

ယခုအခါ လေကြောင်းလိုင်းများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ခရီးသွားလာမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကြောင့် ခရီးသွားလာမည့်သူများ ပိုမိုအဆင်ပြေသွားမည်ဖြစ်သည့်အပြင် ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းများ မှာလည်း ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။         

ပြည်နယ်(ပြန်/ဆက်)