ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား နေပြည်တော်၌ ကျင်းပ

ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား နေပြည်တော်၌ ကျင်းပ


Ministry of Information/ Naypyitaw / May 01, 2026
image_latest


နေပြည်တော် ဧပြီ ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်း၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးတို့က ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းနှင့် ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာ လင်းနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ၊ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။

ကပ်လှူပူဇော်

ဦးစွာ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညို ကြသည်။

ထို့နောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းအခမ်းအနားကို ကျင်းပရာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိ ရုက္ခသိဉ္စနပူဇာ ဂါထာ တော်ကို ရွတ်ဖတ်ပူဇော်သည်။

ညောင်ရေသွန်းလောင်း

ယင်းနောက် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သတ်မှတ်ထားသည့်နေရာများအလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာ ရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်ကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ထို့နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြားပြီး ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် ဒုတိယသမ္မတများနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဂန္ဓကုဋိတိုက်တော်များ၊ ကျောက်စာရုံစေတီတော် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားစသည့် ဘုရား၊ ကျောင်း၊ ကန်၊ သာသနိကအဆောက်အအုံများကို လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့ သရုပ်ပြယာဉ်များကို လှည့်လည်ကြည့်ရှုကြသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ကဆုန်လပြည့် မာရ်အောင်နေ့ဟူ၍ ခေါ်စမှတ်ပြုကြပြီး ကဆုန်လပြည့်နေ့ရောက်တိုင်း ဘုရားအလောင်းဖွားမြင်သည့်အချိန်နှင့် တစ်ချိန်တည်း ဖြစ်တည်ရှင်သန်လာသည့် မူလမဟာဗောဓိပင်၏ ပင်ပွားဗောဓိပင်များကို မညှိုးနွမ်း စိမ်းလန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သက်တော်ထင်ရှား မြတ်စွာဘုရား၏ မာရ်ငါးပါးကို အောင်မြင်တော်မူမှု အာရုံပြုရည်မှန်း၍ ညောင်ရေသွန်းဖျန်းလှူဒါန်းပူဇော်ခြင်းအမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်