ကမ္ဘာ့အိုဇုန်းလွှာပျက်စီးလာမှုကို လျှော့ချ အစားထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်
ကမ္ဘာ့အိုဇုန်းလွှာပျက်စီးလာမှုကို လျှော့ချ အစားထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်
Ministry of Information/ Naypyitaw / September 17, 2025

၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့သည် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ဟူ၍ဖြစ်သည်။ ကမ္ဘာကြီး ထိခိုက်ပျက်စီးခြင်းမဖြစ်စေရန် အကာအကွယ်ပေးထားသည့် အိုဇုန်းလွှာကြီးမပျက်စီးအောင် တစ်ကမ္ဘာလုံးက သိပ္ပံပညာဖြင့် မြှင့်တင်ဆောင်ရွက်ပေးမှသာ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။
ကမ္ဘာကြီးကို လွှမ်းခြုံထားသော လေနှင့် နေရောင်ခြည်သည် ကမ္ဘာမြေအတွက်၊ သက်ရှိသတ္တဝါများနှင့် လူသားများအတွက် ကောင်းကျိုးများစွာ အကျိုးပြုလျက်ရှိသည်။ သို့သော် နေရောင်ခြည်ကို လွန်ကဲစွာ ထိတွေ့ခံစားရခြင်းနှင့် လေထုညစ်ညမ်းပါက ဆိုးကျိုးများစွာဖြစ်စေနိုင်သည်။ နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုများသောအခါ လူ၏အရေပြားကို ထိခိုက်တတ်သည်။ ခရမ်းလွန်ရောင်ခြည်သည် ခန္ဓာကိုယ်ခုခံကာကွယ်နိုင်စွမ်းထက် ပိုများလာသောအခါ နေလောင်ခြင်းဝေဒနာကို ခံစားရသည်။ အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို အိုဇုန်းလွှာက ကာကွယ်ပေးထားသည်။
အိုဇုန်းလွှာသည် လေထုအတွင်း သဘာဝအလျောက်တည်ရှိသည့် အိုဇုန်းဓာတ်ငွေ့များဖြင့် ဖွဲ့စည်းထားသော ပါးလွှာသည့်အလွှာတစ်ခုဖြစ်သည်။ နေရောင်ခြည်တွင် ပါဝင်သော အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည်ကျရောက်မှုမှ ကမ္ဘာမြေကို အကာအကွယ်ပေးထားသည်။ ကမ္ဘာပေါ်ရှိ လူသားများ၊ သက်ရှိများနှင့် အပင်များ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုသည်။ သဘာဝက ဖန်တီးပေးထားသော အိုဇုန်းလွှာပျက်စီးပါက နေရောင်ခြည်နှင့်အတူပါလာသည့် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ကျရောက်ကာ လူနှင့် သတ္တဝါများ ရောဂါဘေးအန္တရာယ်များနှင့် ကြုံတွေ့နိုင်သည်။
အိုဇုန်းလွှာပျက်စီးခြင်းအကြောင်းမှာ အအေးပေးစက်နှင့် မီးသတ်ဆေးဘူးများတွင် အသုံးပြုသော ပေါင်းစပ်ဓာတ်ငွေ့အရည် သို့မဟုတ် အအေးပေးဓာတ်ပစ္စည်းများ လေထုထဲသို့ ရောက်ရှိသွားသောအခါ အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည့်အပြင် လေထုအပူချိန်ပါတိုးလာသဖြင့် ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသည်။ ကလိုရင်းပါဝင်သော ဓာတ်ငွေ့များသည် အိုဇုန်းလွှာကိုပျက်စီးစေသော အဓိကဓာတ်ငွေ့များ ဖြစ်သည်။ မှန်လုံအိမ်အာနိသင်သည် နေရောင်ခြည်မှကျရောက်သော အပူစွမ်းအင်နှင့် ကမ္ဘာ့မြေမျက်နှာပြင်မှ ပြန်ထွက်လာသော အပူစွမ်းအင်ကို ဖမ်းယူထားသဖြင့် ကမ္ဘာ့လေထုကို ပိုမိုပူနွေးစေသည်။ နေမပူဘဲ ပူလောင်မှုကို ခံစားနေရသည်မှာ မှန်လုံအိမ်အာနိသင် မြင့်မားနေသောကြောင့်ဖြစ်သည်။
ကမ္ဘာကြီးပေါ်သို့ အပူကျရောက်မှု၊ ကမ္ဘာကြီးမှ အပူပြန်မှုလျော့ပါးသက်သာစေရန် အိုဇုန်းလွှာက အကာအကွယ်ပေးထားသည်။ ယနေ့ကမ္ဘာတွင် အပူချိန်စံချိန်တင်မြင့်တက်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပြီး အပူချိန်မြင့်တက်လာသည်နှင့်အမျှ အအေးပေးရန် လိုအပ်ချက်များလည်း လျင်မြန်စွာတိုးတက်လာသည်။ အအေးပေးစက်သုံးလေ အပူချိန်မြင့်တက်လေဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုကို လျော့ပါးသက်သာစေရန် သိပ္ပံပညာဆိုင်ရာ သုတေသနနှင့် တီထွင်မှုများဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင်များနှင့် သုတေသနပညာရှင်များသည် အိုဇုန်းလွှာပျက်စီးမှုကို လေ့လာဆန်းစစ်ပြီး အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ပစ္စည်းများကို လျှော့ချရန်၊ အပြီးသတ်ရပ်ဆိုင်းရန်၊ အစားထိုးအသုံးပြုရန် ကြိုးပမ်းကြံဆလျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ကမ္ဘာ့နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သိပ္ပံပညာရပ်ဆိုင်ရာ တွေ့ရှိချက်နှင့်အညီ ပြင်ဆင်ချမှတ်ခဲ့သည့် ကီဂါလီပြင်ဆင်ချက်သည် သိသာထင်ရှားသော လုပ်ဆောင်ချက်ဖြစ်သည်။ ယင်းကို ကမ္ဘာလုံးဆိုင်ရာ အတည်ပြု၍ စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးပြုခြင်းများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အဝအကောင်အထည်ဖော်နိုင်မည်ဆိုပါက ယခုရာစုနှစ်အကုန်တွင် ကမ္ဘာကြီးပူနွေးလာမှုကို တစ်ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။
ကီဂါလီပြင်ဆင်ချက်ကို ကမ္ဘာလုံးဆိုင်ရာ အတည်ပြုလက်မှတ်ရေးထိုးပြီးပါက ကမ္ဘာကြီးပူနွေးမှု အလားအလာမြင့်မားစေသည့် ဟိုက်ဒရိုဖလူရိုကာဗွန်သုံးစွဲခွင့်ကို လျှော့ချမည်ဖြစ်ပြီး ကမ္ဘာကြီးပူနွေးမှုအလားအလာနည်းပါးသည့် ဟိုက်ဒရိုကာဗွန် သို့မဟုတ် အမိုးနီးယားကဲ့သို့ အစားထိုးအအေးပေးပစ္စည်းများကို အသုံးပြုရမည်ဖြစ်ရာ အိုဇုန်းလွှာပျက်စီးမှုကို လျှော့ချစေမည့် သို့မဟုတ် ကမ္ဘာကြီးပူနွေးမှုကို အကာအကွယ်ပေးမည့် အစီအစဉ်များတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး မပျက်မကွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။ ။