ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများလေ့လာမှုဆိုင်ရာ သုတေသနစာတမ်း၏ တွေ့ရှိချက်များကို သုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 29, 2024
image_latest


နေပြည်တော် မေ ၂၈

အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(Senior Officials Meeting on Social Welfare and Development-SOMSWD)တွင် မြန်မာ၏ SOMSWD Work Plan(2021-2025)အရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများ လေ့လာမှုဆိုင်ရာသုတေသနစာတမ်းကို ASEAN Development Fund (ADF) အထောက်အပံ့ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ သက်ဆိုင်ရာနိုင်ငံများအလိုက် သုတေသနများ ဆောင်ရွက်ခဲ့ကြပြီး တွေ့ရှိချက်များကို သုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Validation Workshop for the Research on the Impact of COVID-19 on the Income Security of Rural Older People in Cambodia, Lao PDR, Myanmar and Vietnam)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲသို့ ASEAN Ministrerial Meetings on Social Welfare and Development-AMMSWD (Myanmar) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ Regional Researcher နှင့် National Researchers များ၊ ဌာနဆိုင်ရာများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In-Person ဖြင့် တက်ရောက်ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMSWD)၏ အလှည့်ကျဥက္ကဋ္ဌနှင့် Focal Points များ၊ အာဆီယံအလုပ်သမားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SLOM)၏ အလှည့်ကျဥက္ကဋ္ဌတို့က Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ကိုဗစ်-၁၉သည် ကမ္ဘာတစ်ဝန်းတွင် ထိခိုက်လွယ်အုပ်စုများအတွက် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေခဲ့ပြီး အရှေ့တောင်အာရှ၏ ကျေးလက်ဒေသတွင်နေထိုင်သော သက်ကြီးရွယ်အိုများအတွက်လည်း ဝင်ငွေရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ထောက်ပံ့မှုများ အပါအဝင်အခက်အခဲများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ဤသုတေသန တွေ့ရှိချက်များသည် သက်ကြီးရွယ်အို များအပေါ် ကိုဗစ်-၁၉၏ ဘက်ပေါင်းစုံမှအကျိုးသက် ရောက်မှုများကိုဖော်ပြထားပြီး ထိုမှတစ်ဆင့် ထိရောက်သောမူဝါဒများချမှတ်နိုင်ရေးအတွက် အကြံပြုချက်များပါရှိပါကြောင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှု ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူပြုနိုင်ရေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား

ဆက်လက်၍ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(SOMSWD)၏ အလှည့်ကျဥက္ကဋ္ဌကိုယ်စား ဗီယက်နမ်နိုင်ငံ အလုပ်သမားနှင့် လူမှုရေးရာဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Dr. Ha Thi Minh Duc က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် သုတေသန၏ Regional Researcher ဖြစ်သူ ဒေါက်တာခိုင်ခင်ဖြူက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉၏ အကျိုးသက်ရောက်မှုများ လေ့လာမှုဆိုင်ရာ သုတေသနစာတမ်း၏ တွေ့ရှိချက်နှင့်အကြံပြုချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများက သုတေသနစာတမ်းနှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ SOMSWD Focal Point ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်