ကယားပြည်နယ်၏ ပညာရေးကျက်သရေဆောင် လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်မည်

ကယားပြည်နယ်၏ ပညာရေးကျက်သရေဆောင် လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်မည်


Ministry of Information/ Naypyitaw / January 23, 2025
image_latest


ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတိုင်းပညာသင်ယူခွင့် အခွင့်အရေးမှာ မိမိတို့နိုင်ငံရှိ အကြမ်းဖက်သောင်းကျန်းသူတို့ ကြီးစိုးရာဒေသများတွင် ချိုးဖောက်ထိပါးမှုခံနေကြရကြောင်း သတင်းများသိရှိရသည်။ ကလေးများ ကျောင်းစတင်နေကြရတော့မည့်အရွယ်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ၊ ကျောင်းစာသင်ကြားခြင်းနှင့် ကလေးများ ကျောင်းတက်ခြင်းတို့ကို ပိတ်ပင်တားဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှုများ စသည်တို့ကြောင့် အသက်အရွယ်အားဖြင့် ရှစ်နှစ်ကျော်ကိုးနှစ် ခန့်ရောက်ရှိလာသည်အထိ စာတစ်လုံးမှ သင်ယူခွင့်မရသေးသော ကလေးသူငယ်မြောက်မြားစွာ ရှိနေသည်ဟုလည်း စိတ်မကောင်းဖွယ်ရာသိရှိရသည်။

ကယားပြည်နယ်တွင် KNPP/KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာအဆောက်အအုံများကို အကာအကွယ်ရယူ၍ အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည့်အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့် လွိုင်ကော် တက္ကသိုလ်၏ သုံးထပ်ပင်မဆောင်၊ နှစ်ထပ်ဘွဲ့နှင်းသဘင်ခန်းမ၊ နှစ်ထပ်စာသင်ကျောင်းများ၊ ရေသန့်စနစ်နှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ နှစ်ထပ်ဆရာ၊ ဆရာမများဆောင်၊ အရာရှိအိမ်ရာ၊ လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာများ၊ လေးခန်းတွဲလေးထပ်၊ ရှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာများ၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့၏ နေအိမ်များ၊ နှစ်ထပ်ကျောင်းသားကျောင်းသူဆောင်များ၊ အားကစားရုံများ၊ အားကစားခန်းမ၊ နှစ်ထပ်စာကြည့် တိုက်များ၊ နှစ်ထပ်ကျောင်းသားကျောင်းသူ နားနေဆောင်တို့ ပျက်စီးခဲ့ရသည်။

အကြမ်းဖက်သောင်းကျန်းသူများက လွိုင်ကော်တက္ကသိုလ်ကို လာရောက်တိုက်ခိုက်ရာတွင် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်ခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ပြုတိုက်ခိုက်ခြင်းတို့ကိုလည်း ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်ဖျက်ဆီးမှုကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် ဖြေဆိုရမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲကို ကျင်းပနိုင်ခြင်းမရှိတော့ဘဲ လွိုင်ကော်တက္ကသိုလ်ကြီးကို ပိတ်ထားခဲ့ရသည်။ ယခုအခါ လွိုင်ကော်ဒေသသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ဒေသခံများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် လွိုင်ကော်တက္ကသိုလ် အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး အထူးကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန်ဟူသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ လွိုင်ကော်တက္ကသိုလ်ကြီးကို အမြန်ဆုံးပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။

လွိုင်ကော်တက္ကသိုလ်သည် ကယားပြည်နယ် မြို့တော်လွိုင်ကော်၏ ပညာကျက်သရေဆောင်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ သားသမီးကျောင်းသားကျောင်းသူများ ဝိဇ္ဇာသိပ္ပံပညာရပ်များ သင်ယူဆည်းပူးရာ၊ နေ့သင်တန်းနှင့် အဝေးသင်သင်တန်း ကျောင်းသား ကျောင်းသူများ ရိုးရိုးဘွဲ့မှသည် မဟာဘွဲ့သင်တန်းအထိ ပညာဆည်းပူးကြရာ တက္ကသိုလ်ကြီးဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ်အတွက် လိုအပ်သောအသိပညာနှင့် အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်ရာ လွိုင်ကော်တက္ကသိုလ်ကြီး အမြန်ဆုံးပြန်လည်ပြင်ဆင်ဖွင့်လှစ်နိုင်ရေးကို အထူးကိစ္စရပ်အနေဖြင့် အလေးထားဆောင်ရွက်နေပြီဖြစ်ရာ ဒေသတွင်းနေ ကျောင်းသားကျောင်းသူတို့၏ ပညာရေးအခွင့်အလမ်းများ ပြန်လည်ပွင့်လန်းလာတော့ပါမည့်အကြောင်း။         ။