ကရင်ပြည်နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကျင်းပ

ကရင်ပြည်နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / July 17, 2023


ဘားအံ - ဇူလိုင် (၁၇)

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကကျသော စိုက်ပျိုးစွမ်းအားဆိုင်ရာလုပ်ငန်းများကို မြှင့်တင်၍ လိုအပ် သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကရင်ပြည်နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေး(၂/၂၀၂၃)ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံစေရေး စိုက်ပျိုးစွမ်းအားကိုတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင်အထွက်နှုန်းထွက်ရှိ ရေးနှင့် စွမ်းအားမြှင့်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်း စားသုံးခြင်း၊သုံးစွဲခြင်းကို ဖူလုံအောင် ဆောင်ရွက်၍ ပိုလျှံသည်များကို ပြည်ပသို့ရောင်းချကာ သွင်းကုန်အစားထိုးစိုက်ပျိုးထုတ်လုပ်ကြဖို့လိုကြောင်း၊ ပြည်နယ်အနေဖြင့် အဓိကသီးနှံ(၁၀)မျိုးတွင် အစေ့ထုတ်ပြောင်းမှလွဲ၍ ကျန်သီးနှံများပန်းတိုင်အထွက်နှုန်း ပြည့်မီခြင်း မရှိသေးသည့်အတွက် ယခုအစည်းအဝေးသို့တက်ရောက်လာသူများအားလုံးမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလို ကြောင်း၊ ပြည်နယ်အတွင်း မိုးစပါးဧကလေးသိန်းကျော်စိုက်ပျိုးပြီး အဆိုပါစိုက်ဧကများ၌ နွေစပါးတစ်သိန်းအပါအဝင် အခြားသီးနှံဧကနှစ်သောင်းကျော်သာစိုက်ပျိုးနိုင်သည့်အတွက် သီးထပ်စိုက်စွမ်းအားကိုပိုမိုတိုးမြှင့်ရန်လိုပြီး အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ကြစေလိုကာ စိုက်ပျိုးရေးကိုအခြေခံသည့် တရိစ္ဆာန်အစာဖြစ်သော ပဲ၊ ပြောင်း တို့ကို ပိုမိုတိုးချဲ့ စိုက်ပျိုးကြစေလိုကြောင်း၊ ယခုနှစ်မိုးရာသီတွင် မိုးစပါးလျာထားဧကပြည့်မီကျော်လွန်ရေး ကြိုးပမ်းဆောင်ရွက်ကြ စေလိုပြီး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်တို့က စာရင်းဇယားများအရ ဘဏ္ဍာနှစ် အလိုက် သီးနှံတိုးချဲ့စိုက်ပျိုးနိုင်မှု၊ တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနများအလိုက် စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက သက်ဆိုင်ရာခရိုင်များအလိုက် သီးနှံစိုက်စွမ်းအား၊ အဓိကသီးနှံများစိုက်ပျိုးပြီးစီးမှု၊ သီးနှံများတစ်ဧကပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်ရေးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာ စကား ပြောကြားခဲ့ပါသည်။

 

HOT NEWS
January 4,