ကရင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်
ကရင်ပြည်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်
Ministry of Information/ Naypyitaw / September 25, 2023

ဘားအံ စက်တင်ဘာ ၂၄
နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းကလည်း အရေးပါသောကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသည်။ မြန်မာနိုင်ငံတွင် ခရီးသွားများအား ဆွဲဆောင်နိုင်သော အပန်းဖြေလည်ပတ်စရာများတိုင်းဒေသကြီး၊ ပြည်နယ်များ၌ အများအပြားရှိရာ ကရင်ပြည်နယ်တွင်လည်း ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့်နေရာများအနက် ဘားအံမြို့ကော့ဝါးဆူးကျေးရွာအနီးတွင် ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော် ခရီးစဉ်ဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ စက်တင်ဘာ ၂၄ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာဆဒ္ဒန်ဂူဆရာတော် ဘဒ္ဒန္တဓမ္မပီယအား သွားရောက်ဖူးမြော်ကြည်ညိုရာ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဦးက မဟာဆဒ္ဒန်လိုဏ်ဂူ ရေကန်တော်တူးဖော်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်သို့ ပြည်တွင်း၊ ပြည်ပဘုရားဖူး ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ လာရောက်လေ့လာလည်ပတ်ဖူးမြော်နိုင်ရေး၊ ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျရှိစေရေး၊ အများသုံးသန့်စင်ခန်းများ ပြည့်စုံလုံလောက်မှုရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင်မဟာဆဒ္ဒန် လိုဏ်ဂူတော်အတွင်းရှိ ရှေးဟောင်းလျောင်းတော်မူဘုရား၊ ဆဒ္ဒန်ဆင်မင်းဇာတ်ဝတ္ထုနှင့် များစွာတူညီသည့် ထူးဆန်းသောသဘာဝ ကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်များ၊ အံ့ဖွယ်နေရာများဖြစ်သော ကျောက်သွေးတွင်း၊ ကြယ်ရောင်တောက်သော စိန်တောင်ကြီး၊ လွှသဏ္ဌာန်နှင့်တူသော သဘာဝကျောက်တောင်ကြီး၊ မုဆိုးမြားပေါက်၊ သမီးတော်စံမြန်းသောဂူ၊ ကျောက်အူခွေ၊ စပါးကျီတောင်၊ မုဆိုးခမောက်၊ ဆင်တိုင်၊ လက်ရေးစင်အုတ်ချပ်များ၊ ကျောက်ကပ်အုပ်ခွက်ဘုရားများနှင့် လွမ်းစေတီတို့ကို ဖူးမြော်ကြည်ညိုသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန်အိုင်ဟု တင်စားခေါ်ဝေါ်ကြသော ဘေးမဲ့ရေအိုင်မှတစ်ဆင့် အပျော်စီးစက်တပ်လှေငယ်များဖြင့် သဘာဝရေလျှံကွင်းအားပတ်၍ ဆဒ္ဒန်ဂူတည်ရှိရာ ဇွဲကပင်တောင်တန်း၏ တောင်ဘက်အစွန်ဆုံး ဆင်ဟိုင်းတောင်၏ စိမ်းစိုသာယာလှပသော သဘာဝအလှအပများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
