ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထီလုံ-တာပေါင်-ပတလမ်းပိုင်းနှင့် လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်း တိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထီလုံ-တာပေါင်-ပတလမ်းပိုင်းနှင့် လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်း တိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအားကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 13, 2022
ဘားအံ - ဒီဇင်ဘာ (၁၂)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံ-တာပေါင် - ပတလမ်းပိုင်းနှင့် လှိုင်းဘွဲ-ပိုင်ကျုံလမ်းပိုင်း တိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲလမ်း ၁၇ ဒဿမ ၇၀၃ ကီလိုမီတာမှ ၂၁ ကီလိုမီတာ အထိ ၃ ဒဿမ ၂၉၇ ကီလိုမီတာအား ရွှေရောင်လွင်ပြင်ကုမ္ပဏီနှင့်လမ်းဦးစီးဌာနတို့မှ ၅ ဒဿမ၅ မီတာ အကျယ် မူလကတ္တရာလမ်းအား ၇ ဒဿမ ၃၁ မီတာ အကျယ်သို့ ကတ္တရာလမ်း တိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးသည့်အခြေအနေ၊ ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်း ၁၁ ဒဿမ ၉၁၅ ကီလိုမီတာမှ ၂၀ ဒဿမ ၁ ကီလိုမီတာအတွင်း ၈ ဒဿမ ၁၈၅ ကီလိုမီတာအား လမ်းအထူးအဖွဲ့ ၂၂ မှ မူလကတ္တရာလမ်း ၃ ဒဿမ ၆၆ မီတာအား ၅ ဒဿမ ၅ မီတာအကျယ်ကတ္တရာလမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ညို၊ လမ်းအထူးအဖွဲ့ ၂၂ မှ ဒုတိယညွှန်ကြားရေးမှူးဦးအောင်နိုင်တို့က လမ်းတိုးချဲ့ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်း ၂၀ ဒဿမ ၁ ကီလိုမီတာမှ ၃၃ ဒဿမ ၅ ကီလိုမီတာအတွင်း ၁၃ ဒဿမ ၄ ကီလိုမီတာအား လမ်းအထူးအဖွဲ့ ၂၂ ၏ကြီးကြပ်မှုဖြင့် ဒေါနအလင်းတန်း ကုမ္ပဏီနှင့်ဝေဇယံကုမ္ပဏီတို့မှ မူလကတ္တရာလမ်း ၃ ဒဿမ ၆၆ မီတာအကျယ် အား ၅ ဒဿမ ၅ မီတာအကျယ် ကတ္တရာလမ်းတိုးချဲ့အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကော့ပေါကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍာဝံသ နှင့် ဘဒ္ဒန္တကေသရတို့အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအား လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) လမ်းပေါ်ရှိ တံတားအမှတ် ၂/၃၀ ပေ(၈၀) သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းအား တံတားအထူးအဖွဲ့ ၁၄ မှ ၅၂ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အဆိုပါလမ်းပေါ်ရှိ တံတားအမှတ် ၅/၃၀ ပေ ၁၂၀ အရှည် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းအား တံတားအထူးအဖွဲ့(၁၄)မှ ၄၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တံတားအထူးအဖွဲ့ ၁၄ လက်ထောက်ညွှန်ကြား ရေးမှူးဦးဝေဖြိုးတို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲ-ပိုင်ကျုံလမ်း ၄ ကီလိုမီတာမှ ၁၉ ကီလိုမီတာအတွင်း စုစုပေါင်း ၈ ဒဿမ ၃၂၉ ကီလိုမီတာအား ဘားအံခရိုင်၊လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် Thor Latt ကုမ္ပဏီနှင့် ဟိလာအောင်ကုမ္ပဏီတို့မှ မူလ ၁၂ ပေအကျယ်လမ်းအား ပေ ၄၀ အကျယ်ချဲ့ မြေသားတာဘောင်ဖို့တင်ခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။






