ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံစက်မှုဇုန်ရှိ စက်ရုံ၊အလုပ်ရုံများအား ကြည့်ရှုစစ်ဆေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံစက်မှုဇုန်ရှိ စက်ရုံ၊အလုပ်ရုံများအား ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 03, 2023

ဘားအံ- ဩဂုတ် (၃)
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဘားအံစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေး မြင့်တင်နိုင်ရေး၊ နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်အထောက်အပံ့များရရှိစေရေးအတွက် ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ပွင့်သစ်တိုး ဘက်စုံသုံးအဆင့်မြင့်ဂျစ်(ပ်)ဆမ်ကျောက်မှုန့်ကြိတ်ခွဲသန့်စင်စက်ရုံနှင့် Kyaw 3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေးလုပ်ငန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်ဒေသထွက် ကုန်ကြမ်းများကိုအသုံးပြု၍ ဘားအံစက်မှုဇုန်တွင် တစ်နာရီလျှင် ၂၅ ကီလိုဂရမ်အိတ် ၂၄၀ အိတ် ထုတ်လုပ်နိုင်သော ဂျစ်(ပ်)ဆမ်နှင့်ဒိုလိုမိုက် သဘာဝကျောက်မှုန့်မြေဩဇာများထုတ်လုပ်သည့် ပြည်သူ့ဓနကုမ္ပဏီလီမိတက်၏ ပွင့်သစ်တိုး ဘက်စုံသုံးအဆင့်မြင့် ဂျစ်(ပ်)ဆမ်ကျောက်မှုန့်ကြိတ်ခွဲ သန့်စင်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူများက ကြိတ်ခွဲ သန့်စင်ထုတ်လုပ်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးကွက်နှင့်ဝယ်လိုအားယှဉ်ပြိုင် နိုင်စွမ်းကို ဆွေးနွေးမေးမြန်း၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Kyaw 3 ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင်ဦးကျော်ဌေးဦးက လျှပ်စစ်ဓာတ်အားနှင့်လောင်စာဆီသုံးစွဲမှုများကို ချွေတာ လျော့ချနိုင်ရေး မီးသွေး(လောင်စာခဲ)ဓာတ်ငွေ့ဖိုဖြင့် အင်ဂျင်၊ ဒိုင်နမိုမော်တာများကိုအသုံးပြု၍ သဘာဝဇီဝဂတ်စ်ကို ထုတ်လုပ်ကာ လုပ်ငန်းစမ်းသပ်လည်ပတ်နေမှု အခြေအနေ၊ အလုပ်သမား ၅၀ ကျော်ဖြင့် တစ်ရက်လျှင် ကုန်ကြမ်း ကော်စေ့ ၂ တန်ခန့်အသုံးပြု၍ ကော်ပစ္စည်းမျိုးစုံထုတ် လုပ်နေမှုအခြေအနေတို့ကို လိုက်လံရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။