ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / December 11, 2024


ဘားအံ - ဒီဇင်ဘာ (၁၁)

ကရင်ပြည်နယ်၊ သံလွင်ကမ်းဘေးတစ်လျှောက်ရှိကျေးရွာများနှင့် နှုန်းတင်မြေနုကျွန်းများတွင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို တောင်သူများကတစ်ပိုင်တစ်နိုင်နှင့်စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၁ ရက် နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့် စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့နယ် ကော့ဂွန်းရွာသစ်ကျေးရွာရှိ တောင်သူဦးအဟိုင်း၏ အသားစားနွား ၉ ကောင် မွေးမြူထားရှိမှုကိုသွားရောက်ကြည့်ရှုအားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အသားစားနွားမျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်ရေးဆွေးနွေးပြောကြားကာ မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သော အဟာရဆားခဲများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နှစ်ခြားကျေးရွာရှိ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း နေသော ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ခင်းများအား ကြည့်ရှုအားပေးရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီး ဌာနတို့မှ တာဝန်ရှိသူများက ယခုနှစ်တွင် ပြည်နယ်အတွင်းဆီထွက်သီးနှံမြေပဲ ၃၄၉၇၆ ဧကစိုက်ပျိုးထုတ်လုပ်ရန် လျာထားပြီး နိုဝင်ဘာလကုန်ထိ ၃၁၂၀၄ ဧက စိုက်ပျိုးပြီးစီးကာ လျာထားဧကထက်ပြည့်မီကျော်လွန်စိုက်ပျိုးနိုင်ရေး တောင်သူစည်းရုံးပညာပေးဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူလို အပ်ချက်များကို အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အဆင့်ဆင့်သောဝန်ထမ်းများဖြင့် ကွင်းဆင်း ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ဌာနီကုန်းကျေးရွာရှိတောင်သူဦးသောင်းထွန်း ၏ အသားစားနွား ၁၄ ကောင် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူတိုးချဲ့မွေးမြူလိုပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက်မတည်ထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးပြောကြားကာ မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှအခမဲ့ထောက်ပံ့သော အဟာရဆားခဲများကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ရေကျော်ကြီးကျေးရွာရှိ ‌တောင်သူဦးအဒစ် ၏ အသားတိုးဝက် ၂၈ ကောင်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုအားပေးပြီး အသားတိုးဝက်တိုးချဲ့မွေးမြူထုတ် လုပ်နိုင်ရေး လိုအပ်သည့်အရင်းအနှီး၊ မြေနေရာ၊ နည်းပညာနှင့်သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်ရေးတာဝန်ရှိသူများ အားမှာကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှအခမဲ့ထောက်ပံ့ပေးသော တိရစ္ဆာန်ဆေးဝါးများကို ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်လေးကျေးရွာရှိ အောင်မြင်ဖြစ်ထွန်းနေသော ပဲတီစိမ်း၊ မြေပဲ၊ ငရုတ် စိုက်ခင်းများကို ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ပြည်နယ်အတွင်းယခုနှစ်တွင် မိုးပဲတီစိမ်းနှင့် ဆောင်းပဲတီစိမ်း စုစုပေါင်း(၆၈၁၀၁)ဧကစိုက်ပျိုးရန်လျာထားပြီး နိုဝင်ဘာလကုန်ထိ (၆၁၄၇၅)ဧက စိုက်ပျိုးပြီးစီးမှုနှင့် လျာထားဧကပြည့်မီကျော်လွန်ရေး ကွင်းဆင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က စားရေရိက္ခာဖူလုံပိုလျှံရေး မြေလွတ်မြေလပ်မကျန်စဉ်ဆက်မပြတ်စိုက်ပျိုးလုပ်ကိုင်နိုင်ရေး တောင်သူစည်းရုံး ပညာပေးဆောင်ရွက်ကြရန် မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ရေကျော်(မကျီးကျွန်း)ကျေးရွာရှိ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေသော အစေ့ထုတ်ပြောင်း၊ငရုတ်၊ရုံးပတီ၊ခရမ်းစိုက်ခင်းများကိုကြည့်ရှုအားပေးရာ တာဝန်ရှိသူ များက သီးနှံများစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့်နီးစပ်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားခဲ့ပါသည်။

 

 

HOT NEWS
January 4,