ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားတက်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / February 02, 2026
ဘားအံ ဖေဖော်ဝါရီ ၂
(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက် ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရာမညနိကာယကျောင်းတိုက်၌ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ် ကျေးမှုဥက္ကဋ္ဌ အိန္ဒုမွန်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမနှင့် ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသ နာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွန်အမျိုးသားနေ့အခမ်းအနားသို့တက်ရောက်လာသော မွန်တိုင်းရင်းသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ စစ်ကြောင်းကြီးပုံစံဖြင့်မွန်အမျိုးသားနေ့ကျင်းပရာကွင်း အတွင်းသို့ ချီတက်နေရာယူကြပြီး မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုဥက္ကဋ္ဌ အိန္ဒုမွန်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက မွန်အမျိုးသားနေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ မွန်အမျိုးသားအလံအား တိုင်ထိပ်သို့လွင့်တင်၍ အလေးပြုကြသည်။
ထို့နောက် အိန္ဒုမွန်ကျောင်းဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သဘာပတိနှင့်သဘာပတိ အဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ကြပြီး သဘာပတိအိန္ဒုမွန်ကျောင်းဆရာတော်က အဖွင့်ဩဝါဒကထာမြွတ်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားပြည်သူများ၏စကား၊စာပေ၊အနုပညာ၊ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ တော်မှလိုအပ်သည့်အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်လျက် ရှိသကဲ့သို့ တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့်အေးချမ်းသာယာစွာနေထိုင်နိုင်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်း ပန်းဆက်သွယ်ရေးစသည့်ကဏ္ဍပေါင်းစုံကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဒီမိုကရေစီနှင့်ဖယ်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေး၊ မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်အမျိုးသားနေ့အခမ်းအနားအတွက် ၂၅၀၀၀၀၀ဝိ/-(နှစ်ရာ့ငါးဆယ်သိန်း) ကို ချီးမြှင့်ပေးအပ်ပြီး သဘာပတိအဖွဲ့ဝင်တစ်ဦးက အမှာစကားပြောကြားကာ ကျင်းပရေးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင် စကားပြောကြား၍ မွန်တိုင်းရင်းသားလူငယ်မောင်မယ်များက မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာအကြောင်းကို မွန်ဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် ဖတ်ကြားတင်ပြကြပြီး (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်အမျိုးသားသီချင်းဖြင့် စုပေါင်းသီဆိုရုပ်သိမ်းခဲ့ကြပါသည်။
