ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ခြောက်ဦး သေဆုံး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ခြောက်ဦး သေဆုံး
Ministry of Home Affairs/ Nay Pyi Taw / June 13, 2025
လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘော်ကျေးရွာနေ ဦးပြည်တော်ဝိုင်း(စိစစ်ဆဲ)၏ နာရေးအား ကျေးရွာသူ/ကျေးရွာသားများက ဝိုင်းဝန်းဆောင်ရွက်ပေးနေစဉ် အဆိုပါနာရေးအိမ်အနီးသို့ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ)က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နာရေးအိမ်၌ ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်နေကြသည့် အဆိုပါကျေးရွာနေသူများဖြစ်ကြသော ဦးစောလင်းကို(၄၂)နှစ်၊ ဒေါ်ယဉ်မာအေး (၃၂)နှစ်နှင့် မစုအိန္ဒြာမိုး လေးနှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးထွေးစိန်(၃၄)နှစ်၊ ဦးစိန်သန်းလေး(၃၇)နှစ်နှင့် စောဝင်းကျော် ကိုးနှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေစဉ် ၎င်းတို့သုံးဦးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိသေဆုံးခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။