ကရင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဦးစားပေးအလိုက်စိစစ်

ကရင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဦးစားပေးအလိုက်စိစစ်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 11, 2023


ဘားအံ - ဒီဇင်ဘာ (၁၁)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ဦးစားပေးအလိုက်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ပြည်နယ်အဆင့် ဌာန/ အဖွဲ့အစည်းအသီးသီးက ရေးဆွဲအဆိုပြုခဲ့ပြီး ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၊ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်နယ်၏ ဦးစားပေးမူဝါဒများအပေါ်မူတည်၍ လမ်းညွှန်ချက်များနှင့်ကိုက်ညီမှုရှိစေရေး စိစစ်လမ်းညွှန်သွားမည်ဖြစ် ကြောင်း၊ ပြည်နယ်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေး၊MSME စက်မှုလုပ်ငန်းများ ကိုအားပေးမြှင့်တင်ကာ ပြည်သူ့အတွက်အရေးတကြီးလိုအပ်သည့် အသုံးစရိတ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန် အထောက်အကူပြုသည့်အသုံးစရိတ်များနှင့် ပြည်နယ်စီးပွားရေးတိုးတက်မှုကိုအထောက်အကူပြုမည့် လုပ်ငန်းစီမံ ကိန်းများကို ဦးစားပေးအနေဖြင့် ထည့်သွင်းလျာထားရန်လိုအပ်ကာ ပြည်နယ်အတွက် အမှန်တကယ်လိုအပ်သည့် အချက်အလက်များကို ပေါင်းစပ်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က အဆိုပြုတင်ပြထားသည့်လုပ်ငန်းစီမံကိန်းများ သည် နိုင်ငံတော်၏ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ၊ နိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများ၊ ပြည်နယ်၏ဒေသန္တရစီမံကိန်းနှင့်ဒေသန္တရ(၅)နှစ်စီမံကိန်းလုပ်ငန်းစဉ်များကို အထောက်အကူပြုပြီး စီမံကိန်းကာလအတွင်းဖြစ်နိုင်စွမ်းရှိသည့်လုပ်ငန်းများကိုသာ ဦးစားပေးထည့်သွင်းလျာထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်စီမံကိန်းမှူးဦးချစ်ဝေက ပြည်နယ်အဆင့်ဌာန/အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်း စုစုပေါင်းလျာထားပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၁၉၉၃၈၀ ဒဿမ ၃၁၂ သန်းဖြင့်ဆောင်ရွက်မည့် အဆိုပြုချက်(အကျဉ်းချုပ်)ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနများအလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် လုပ်ငန်းစီမံကိန်းအဆိုပြုချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။