ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၆)ကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၆)ကျင်းပ


Ministry of Information/ Naypyitaw / February 28, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၂၇

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကော်မတီအဖွဲ့ဝင်ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အရပ်ဘက်ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (The United Nations Convention on the Rights of the Child- UNCRC) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် UNCRC ပါ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး လေးရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များကို ကလေးသူငယ်တိုင်းရရှိရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာအမျိုးသားကော်မတီကို အဖွဲ့ဝင် ၄၀ ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကာ လုပ်ငန်းကော်မတီ ကိုလည်း အဖွဲ့ဝင် ၄၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ မွေးစမှ အသက် ၈ နှစ်အထိ ရှေးဦးအရွယ်ကလေး သူငယ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းခဲ့ပြီး ဌာနမူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ခြင်း၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများကို တည်ထောင်ခွင့်ပြုမိန့်များ ထုတ်ပေးပြီး ကြီးကြပ်ခြင်း၊ မိခင်ဝိုင်းများကို အားပေးအကူအညီပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူ့ဘဝအစရက် (၁,၀၀၀) ကာလအတွင်း အာဟာရ နှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကိုယ်ဝန်ဆောင်နှင့် အသက် နှစ်နှစ်အထိကလေးများအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT) အကျိုးခံစားခွင့်ရှိသူ ၁၂၉၃၅၅ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ၁၂၀၁၆ ဒသမ ၃၉၅ ကျပ်သန်းကို မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ တစ်ဆင့်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သည့် ကလေးသူငယ်များအတွက်လည်း ကလေးအခွင့်အရေးများရရှိစေရန် ကလေးသူငယ်ကြီးကြပ် သူ အစီရင်ခံစာများ တင်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၄)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကိုတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ကလေးသူငယ်ကြီးကြပ်သူ အစီရင်ခံစာ ဆောင်ရွက်မှုအခြေအနေကိုတင်ပြသည်။

ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,