ကော့သောင်းမြို့တွင် မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး၊ အသက်(၁၂၁)နှစ်အဘွားအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
ကော့သောင်းမြို့တွင် မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး၊ အသက်(၁၂၁)နှစ်အဘွားအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်
Ministry of Information/ Naypyitaw / October 28, 2025
ကော့သောင်း အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ် အဘွားဒေါ်ပန်းနွယ်အား ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ကြောင်းသိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာ(၁)ရက်တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဖြစ်သတ်မှတ်ပြီးဂုဏ်ပြုချီးမြှင့်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့်ညှိနှိုင်းဆောင်ရွက်၍ (၁၂၁)နှစ်အရွယ် အဘိုး၊ အဘွားနှစ်ဦးအား မြန်မာတစ်နိုင်ငံလုံး အသက်အကြီးဆုံးအဘိုး၊ အဘွားအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြပြီး တစ်ဦးလျှင် (၁၀)သိန်းကျပ် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ထို့သို့ ပေးအပ်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သန်းသန်းဝင်းနှင့်တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့မှ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်၊ ပုလဲတွင်းလမ်းနေ အသက်(၁၂၁)နှစ်ရှိ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘွား ဒေါ်ပန်းနွယ်နေအိမ်သို့ လူမှုဝန်ထမ်းဦးစီးဌာနမှပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေ (၁၀)သိန်းနှင့်အတူ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှလည်း ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။
မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဘွားနှစ်ဦးမှာ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် ပုလဲတွင်းလမ်းနေ အသက်(၁၂၁)နှစ် အဘွား ဒေါ်ပန်းနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တက်သစ်ကျေးရွာအုပ်စု တပ်ရွာကျေးရွာနေ အသက်(၁၂၁)နှစ်အရွယ် အဘိုးဦးသိန်းအောင်တို့ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
