ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေးစံပြစီမံကိန်း လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / December 30, 2021

နေပြည်တော် ဒီဇင်ဘာ ၃၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Rural Revitalization Administration (NRRA)အောက်ရှိ International Poverty Reduction Centre in China(IPRCC )တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် “ China- aided Pilot Project of Poverty Reduction Cooperation in Myanmar” ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေး စံပြစီမံကိန်း လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သံအမတ်ကြီး မစ္စတာချန်းဟိုင်က ယခုစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့သော အရှေ့အာရှအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ဝန်ကြီးချုပ် Mr. Li Keqiangမှ ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အဆိုပြုခဲ့သဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာနိုင်ငံတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စံပြစီမံကိန်းအဖြစ် ကျေးရွာ (၂)ရွာတွင် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက် သည့်ကာလအတွင်း ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအရ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် များစွာ အခက်အခဲရှိခဲ့ပါကြောင်း၊ ယခုကဲ့သို့ အခက်အခဲများကြားမှ စီမံကိန်းအောင်မြင်စွာပြီးစီးရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသော တရုတ်-မြန်မာနှစ်နိုင်ငံမှ ဝန်ထမ်းများကိုလည်း အသိအမှတ်ပြု ချီးကျူးလိုပါကြောင်း၊
စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြင့် စီမံကိန်းကျေးရွာများအနေဖြင့် များစွာဖွံ့ဖြိုးတိုးတက် လာခဲ့ပြီး စံပြကျေးရွာများအဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့်လည်း ဆင်းရဲမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျေးရွာများဖွံ့ဖြိုးမှုရှင် သန်စေရေးဆိုင်ရာ အတွေ့အကြုံကောင်းများ ဆက်လက်မျှဝေပေးသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ လုပ်ငန်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များ အဆင့်မြှင့်တင်ခြင်းတွင် နည်းပညာပံ့ပိုးပေးခြင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနိုင်ရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့်တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျော့ချရေးဗဟိုဌာနတို့ပူးပေါင်း၍ ကျေးရွာအဆင့်ဆင်း ရဲမှုလျော့ ချရေး စံပြစီမံကိန်းကို ကျေးလက်လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး၊ စွမ်းဆောင် ရည်မြင့်မားလာစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အလေ့အကျင့်ကောင်း များကိုမျှဝေ နိုင်စေရန် ရည်ရွယ်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊၊
အဆိုပါစီမံကိန်းအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်မှမင်းပြင် ကျေးရွာနှင့် တပ်ကုန်း မြို့နယ်မှအေးချမ်းသာ(စံပြ)ကျေးရွာတို့တွင် တရုတ်နိုင်ငံ၏ ထောက်ပံ့ ငွေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ (၃)နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊၊
စီမံကိန်းမှ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းများ၊ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများ၊ စီမံကိန်း အတွေ့ အကြုံများမျှဝေ ဖလှယ်ခြင်းဆိုင်ရာလုပ်ငန်းများ (ပြည်တွင်း/ပြည်ပ လေ့လာရေး ခရီးစဉ်များ သွားရောက်ခြင်း)၊ နည်းပညာပံ့ပိုး ကူညီမှုဆိုင်ရာလုပ်ငန်းများ၊ စီမံကိန်းစီမံခန့်ခွဲမှုနှင့် စောင့်ကြည့်လေ့လာအကဲဖြတ်ခြင်း ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း။
စီမံကိန်း အကျိုးရလဒ်များအနေဖြင့် လူမှုရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်မှုနှင့် စီမံကိန်းကျေးရွာ (၂)ရွာရှိ ကျေးလက်နေအိမ်ထောင်စု (၁၅၆၀)ခန့် စီမံကိန်း အသီးအပွင့်များ ခံစား ရရှိခဲ့ပါကြောင်း။
ယင်းစနစ်ကို မြန်မာနိုင်ငံအတွင်းသာမက အာဆီယံဒေသတွင်းရှိ အခြားသောဆင်းရဲမှု လျော့ချရေးဆိုင်ရာ စီမံကိန်းများတွင်လည်း ထည့်သွင်းအသုံးပြုဆောင်ရွက်သွားနိုင်မည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က စီမံကိန်းဆိုင်ရာအချက် အလက်များအား အပြန်အလှန်လက်မှတ်ရေးထိုး၍ လွှဲပြောင်းလက်ခံ ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့ကို ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် သီးခြားလက်ခံတွေ့ဆုံ၍နှစ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက် နိုင်မည့် အစီအစဉ်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)