ခင်ဦးနှင့် မတ္တရာမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတစ်ဆောင် ပျက်စီး၍ သာသနာ့အနွယ်ဝင် သံဃာတော် နှစ်ပါး ပျံလွန်တော်မူ
ခင်ဦးနှင့် မတ္တရာမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတစ်ဆောင် ပျက်စီး၍ သာသနာ့အနွယ်ဝင် သံဃာတော် နှစ်ပါး ပျံလွန်တော်မူ
Ministry of Home Affairs/ နေပြည်တော် / August 14, 2023
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အတွင်း အကြမ်းဖက်မှု အဖျက်အမှောင့်များအား လုပ်ဆောင်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ၏ အထွတ် အမြတ်ထားရာ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ဩဂုတ်လ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မကျည်းတုံကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦး ခန့်က လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာရှိ ဥတ္တရာရုံဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ လက်လုပ်စိန်ပြောင်းကျည် တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဓမ္မာရုံ အမိုးသွပ် တစ်ချပ်၊ မျက်နှာကြက် တစ်ချပ်၊ ကြွေပြား နှစ်ချပ်တို့ပျက်စီးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ အနီးရှိနေသည့် ရှင်ပညိန္ဒ (၁၄) နှစ် (၅)ဝါ (ဘ) ဦးမြင့်လင်းတွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မှော်နီကုန်းကျေးရွာရှိ အောင်မင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးစန္ဒိမာ(ခ) ဦးခင်မောင်ထွေး (၄၂)နှစ် (၁၄)ဝါ သည် အဆိုပါဘုန်းတော်ကြီးကျောင်း၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ) အင်အား ၁၅ ဦးခန့်က လက်နက်များကိုင်ဆောင်ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော်အား “ဒလန်” ဟု စွပ်စွဲပြောဆို၍ သေနတ်ဒင်ဖြင့် ထုရိုက်ကာ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာ တော် ဉူးစန္ဒိမာ (ခ)ဦးခင်မောင်ထွေးတွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ၏ အဆင်ခြင်မဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှု လုပ်ရပ်များကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၈၃ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အထက်ပါဖြစ်စဉ်များမှ သံဃာတော်များအား ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့ စုံစမ်းရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
