ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေး နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေး နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
Ministry of Hotel & Tourism/ နေပြည်တော် / September 06, 2022

နေပြည်တော်၊ စက်တင်ဘာ ၅
၂၀၂၂ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မန္တလာတက္ကသိုလ်နှင့် ရန်ကုန်အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်မှ ကျောင်းသားကျောင်းသူစုစုပေါင်း၁၀ဉီးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့တွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၀ပြည့်နှစ်မှ စတင်၍ စက်တင်ဘာ(၂၇) ရက်နေ့ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ကာ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိမြှင့်တင်နိုင်ရေး၊ လူမှုအသိုက်အဝန်းတွင် ခရီးသွားလုပ်ငန်း၏ အကျိုးသက် ရောက်မှုကို သိရှိနိုင်ရေးတို့အတွက် အဖွဲ့ဝင်နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း၏ အကျိုးကျေးဇူးများ ကို သိရှိစေရန်နှင့် လူငယ်များအကြား ခရီးသွားလုပ်ငန်းဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (World Tourism Organization-UNWTO) မှ သတ်မှတ်ထားသော ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ရာ၌ ဝန်ကြီးဌာနက အဆိုပါနေ့အထိမ်းအမှတ်တစ်ခုအနေဖြင့် ယနေ့ကျပန်းစကားပြောပြိုင်ပွဲအား ကျင်းပရခြင်းဖြစ် ကြောင်း၊ ယင်းအပြင် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ ဒေသခံအဖွဲ့အစည်းများနှင့် ပြည်သူ လူထုများအထိ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုစေသော လုပ်ငန်းတစ်ရပ်ဖြစ်ပြီး လုပ်ငန်းပေါင်းစုံအနေနှင့် ဆင့်ပွားအကျိုးသက်ရောက်မှုရှိသည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည် သဘောပေါက်စေပြီး ဗဟုသုတများ တိုးပွားလာစေရန်လည်း ရည်ရွယ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပဆောင်ရွက်ခြင်းမှအပ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ (၂၇) ရက်တွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အခမ်းအနားများကို မြန်မာနိုင်ငံတွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယခုနှစ်တွင်လည်း “ခရီးသွား လုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆ ဆောင်ရွက်စို့” “Rethinking Tourism” ဆောင်ပုဒ် သတ်မှတ်ထား ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ပြန်လည်နိုးထဆောင်ရွက်ကြရန် တစ်ကမ္ဘာလုံးကို နှိုးဆော်လိုက်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ်အခမ်းအနားကို ဆက်စပ်ဝန်ကြီးဌာနများ၊ ခရီးသွားအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လှုပ်ရှားဆောင်ရွက်မှု အမျိုးအစားစုံလင်စွာဖြင့် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက ခရီးသွားလုပ်ငန်းများအား ပြန်လည် စတင်ဆောင်ရွက်နေပြီဖြစ်သောကြောင့် ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်နှင့်အညီ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည် ဖွံ့ဖြိုးတိုးတက် နိုင်ရန် အားလုံးဝိုင်းဝန်းကြံဆ ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက်လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပခရီးသွားဈေးကွက်များ ပိုမိုရရှိရေးအတွက်ကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ခရီးသွားလုပ်ငန်းအား အထူး အလေးထားပြီး အားလုံးအတွက် ခရီးသွားလုပ်ငန်းဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး ကြစေလိုကြောင်း ပြောကြားပါသည်။
ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့် ဝန်ထမ်းများက သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေး၊ Digital နည်းပညာ၊ Community Based Tourism၊ Inclusive Tourism၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ခရီးသွားအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း၏ ဆင့်ပွား အကျိုးသက်ရောက်မှု၊ ခရီးသွားလုပ်ငန်း၏ အခြေခံနယ်ပယ်များမှတဆင့် ပြန်လည်နှိုးထဖို့ စသော ခေါင်းစဉ် (၁၀) ခုဖြင့် ယှဉ်ပြိုင်ကြသည်။
သတင်းစဉ်
Source From: Kyemon