ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများယူဆောင်ခဲ့သည့် အမျိုးသမီး ဖော်ထုတ်ဖမ်းဆီး
ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများယူဆောင်ခဲ့သည့် အမျိုးသမီး ဖော်ထုတ်ဖမ်းဆီး
Ministry of Information/ Naypyitaw / October 27, 2025
နေပြည်တော် အောက်တိုဘာ ၂၇
ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ လမ်း ၇၀ (အေ)၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ အိမ်အမှတ် (၁၇၂)နေအိမ်၌ အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်းသတင်းအရ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်ပိုင်ရှင် အငြိမ်စား စာကြည့်တိုက်မှူး ဒေါ်ခင်စိုးမြင့် (၈၄)နှစ်ကို နေအိမ်မြေညီထပ်ဧည့်ခန်းအတွင်းရှိ ထိုင်ခုံပေါ်တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး အတူနေ၎င်း၏မြေးဖြစ်သူ ဒေါ်အေးအေးခိုင် (၃၆)နှစ်အား မြေညီထပ်ဧည့်ခန်းခုတင်ပေါ်တွင် ဦးခေါင်း၊ ဝဲနားထင်တို့၌ ပေါက်ပြဲဒဏ်ရာနှစ်ချက်ရရှိထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း(ပ) ၁၈၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ တူမတော်စပ်သူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ တွဲဘက်တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ မစိုးစိုးထွန်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းအားအောက်တိုဘာ ၂၆ ရက် ညနေ ၅ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်း၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လခန့်မှစ၍ နွားထိုးကြီးမြို့နယ်မှ ယာယီနေရပ်စွန့်ခွာ၍ ပြင်ဦးလွင်မြို့၌ အိမ်ငှားရမ်းနေထိုင်ခဲ့ရသဖြင့် ငွေကြေးအခက်အခဲများစွာရှိခဲ့ကြောင်း၊ ၂၀၂၅ ဇူလိုင်လတွင် ၎င်း၏အဒေါ်တော်စပ်ပြီး မိသားစုကဲ့သို့ရင်းနှီး၍ ဝင်ထွက်သွားလာနေသည့် ဒေါ်ခင်စိုးမြင့်မှ မန္တလေးမြို့၊ မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်အားရောင်းချသည်ကို သိရှိရသဖြင့် ငွေချေးယူခဲ့ရာ ဒေါ်ခင်စိုးမြင့်မှ အိမ်ရောင်းရငွေ အကျေအလည်ရရှိပါက စီစဉ်ပေးမည်ဟုပြောကြားခဲ့ပြီး ငွေအကျေအလည်ရရှိပြီး အခင်းဖြစ်ပွားခဲ့သည့်နေအိမ်အား ပြန်လည်ဝယ်ယူပြောင်းရွှေ့နေထိုင်ခဲ့သော်လည်း ၎င်း၏အခက်အခဲအား ဆောင်ရွက်ပေးမှုမရှိကြောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ဒေါ်ခင်စိုးမြင့်မှ ၎င်းအားဖုန်းဆက်ခေါ်၍ အခင်းဖြစ်နေအိမ်သို့ ထပ်မံရောက်ရှိနေထိုင်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဒေါ်ခင်စိုးမြင့်၊ တူမတော်စပ်သူ မအေးအေးခိုင်တို့နှင့်အတူ ဈေးဝယ်ထွက်ပြီးနောက် နံနက် ၁၁ နာရီခန့် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ နေ့လယ်စာ စားပြီးချိန်တွင် မအေးအေးခိုင်မှာ မြေညီထပ်ဧည့်ခန်းအတွင်းရှိ ခုတင်ပေါ် အိပ်ပျော်နေစဉ် နေအိမ်ဝင်ပေါက်အနီး သစ်သားသေတ္တာအတွင်းမှ သံရိုက်တူအား ယူဆောင်ကာ မအေးအေးခိုင်အား ၃ ချက်ခန့်ထုရိုက်ပြီး ထိုင်ခုံပေါ် ထိုင်နေသည့် ဒေါ်ခင်စိုးမြင့်၏ ဦးခေါင်းငယ်ထိပ်အား တစ်ချက်ထုရိုက်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ခင်စိုးမြင့် အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်းထားသည့် “အောင်သမာဓိ" တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံး၊ အိပ်ယာပေါ်ရှိ ငွေကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့သို့ ပြန်လာခဲ့ကြောင်း၊ အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာသည့် ရွှေတုံးအားရောင်းချကာ ၎င်းချေးငှားထားသည့် ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည်။
ထိုသို့ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့အား သံရိုက်တူဖြင့် ထုရိုက်ခဲ့သည့် စိုးစိုးထွန်းအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးနှင့် သိမ်းဆည်းရန်ကျန် သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။
