ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ
ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / July 03, 2022
ပုဂံ ဇူလိုင် ၃
ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ရွှေစည်းခုံစေတီတော် ပရိဝုဏ်အတွင်းရှိ ချူအင်လိုင်းတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် “တို့ခေါ်မယ် ပေါက်ဖော်” ရုပ်သံဗီဒီယိုကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ ၉ ကြိမ် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၁၉၆၁ ခုနှစ်က လာရောက်ခဲ့စဉ် တန်ဆောင်းဆောက်လုပ် လှူဒါန်းခဲ့ရာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအတွက် အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါကြောင်း၊ ယနေ့ မိမိအနေဖြင့် တန်ဆောင်းအဆင့်မြှင့်တင် ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ခြင်းသည် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုကို အမွေဆက်ခံခြင်းဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံ၏ ရှင်းလင်းသည့် ရပ်တည်ချက်ကို ထင်ဟပ်စေပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများမှ နှစ်နိုင်ငံ ပြည်သူများကို ပိုမိုအကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံခြားရေဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က ယနေ့ မိမိတို့ စုဝေးရောက်ရှိနေကြသည့် ချူအင်လိုင်းတန်ဆောင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထင်ဟပ်ပြသရာ ရောက်စေပါကြောင်း၊ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် အနာဂတ် မျိုးဆက်သစ်များဆီသို့ ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို လက်ဆင့်ကမ်းပေးနိုင်ပြီး တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည် ထောင်ရေးဆီသို့ တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ချူအင်လိုင်း တန်ဆောင်းအတွင်း လှည့်လည်ကြည့်ရှုကြကာ တန်ဆောင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ရွှေစည်းခုံစေတီတော်မြတ်အား လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။
ထိုမှတဆင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ သဗ္ဗညုဂူဘုရားသို့ သွားရောက်ဖူးမြော်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် သဗ္ဗညုတဘုရား ပြုပြင်ရေးစီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ စီမံကိန်း နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင် မစ္စတာ လွီယွမ်ပင်းက သဗ္ဗညုတဘုရား ပြုပြင်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
၂၀၁၆ ခုနှစ် ဩဂုတ်၂၄ ရက်က လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားပေါင်း ၄၂၅ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ယဉ်ကျေးမှုအမွေအနှစ် ပြည်နယ်စီမံခန့်ခွဲရေး ပူးပေါင်းအလုပ်အမှုဆောင်အဖွဲ့ကို စေလွှတ်ပြီး မြန်မာနိုင်ငံမှ ပျက်စီးမှုကြီးမားသည့် ဘုရား ၂၁ ဆူကို လေ့လာစစ်တမ်း ကောက်ယူခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် MoU ရေးထိုးခဲ့ကြကာ တရုတ်နိုင်ငံအထောက်အပံ့ဖြင့် သဗ္ဗညုတဘုရားပြုပြင်ရေး စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်