ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 04, 2025
image_latest


နေပြည်တော် မေ ၃

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အင်းဝတံတား(စစ်ကိုင်း)ကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ရေးအတွက် မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC)မှ ဦးဆောင်ပြီး အင်းဝတံတား(စစ်ကိုင်း) သံပေါင်များဆယ်ယူနေမှုများကို ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။ ထို့နောက် Grade-12 စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၁၂၈၀ အား စစ်ကိုင်းမြို့ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများက ဘာသာရပ်အလိုက်သင်ခန်းစာများ အနီးကပ်သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် စစ်ကိုင်းမြို့စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီနှင့် ဥမင်သုံးဆယ်စေတီ၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်မြတ်စွာဘုရား၊ ပိုးတန်းရပ်ကွက်ရှိ ဘေသဇ္ဇကျောင်းတိုက်၊ ထွဋ်ခေါင်ရပ်ကွက်ရှိ ရတနာထွဋ်ခေါင်စေတီ၊ နန်းဦး မြို့သစ်ရှိ မရှိခဏစေတီနှင့် မဟာစေတီလှတို့၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများနှင့် အရန်စေတီများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ ဆရာမများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များပေးအပ်ပြီး ကျောင်းဆောင်အတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့ နန်းဦးမြို့သစ်နှင့် ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံများကို စက်ယန္တာရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း ကြည့်ရှုအားပေးကြပြီး ထုံးဘိုရပ်ကွက်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စောင့်ရှောက်ရေးစခန်းသို့သွားရောက်၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ မန္တလေးတောင်တော်သို့ သွားရောက်၍ မန္တလေးတောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရားအား ဖူးမြော်ပြီးပန်း၊ ရေချမ်းများ ဆက်ကပ်ပူဇော်သည်။ ယင်းနောက် ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော မွန်းတည့်သိမ်ဘုရားပြုပြင်နေမှုအခြေအနေများ၊ စန္ဒာမုခိဘုရားပြုပြင်နေမှုအခြေအနေများ၊ ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်ရှိ ဂန္ဓကုဋိတိုက်ပြုပြင်နေမှု၊ အမိုးခုံးတိုင်များပြုပြင်နေမှု၊ ဓာတ်လှေကား၊ စက်လှေကားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် အရှေ့ဘက်စောင်းတန်းရှိ ဓာတ်တော်တိုက်နေရာ၊ မြတ်စောညီနောင်ဘုရားနှင့် ရသေ့ကြီးဦးခန္တီသီတင်းသုံးသော မဏ္ဍပ်နေရာ၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ ဗျာဒိတ်ပေးရုပ်ပွားတော်မြတ်ကြီး နေရာများသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း တိုးတက်မှုအခြေအနေများအား သွားရောက်ကြည့်ရှု၍ လုပ်ငန်းခွင်အန္တရာယ် မရှိစေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အနောက်ထီးလင်းတိုက်၊ အမရပူရမြို့နယ်ရှိ မဟာဝိဇယရံသီပုထိုးတော်မြတ်ကြီးမြတ်စွာဘုရား၊ ကျောက်တော်ကြီးမြတ်စွာဘုရားနေရာများရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၂၀)သို့ သွားရောက်၍ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ရွှေမုဋ္ဌောဘုရားဓမ္မာရုံ၌ ကျောက်သေတ္တာစေတီနှင့်ပတ်သက်၍ ကျောက်သေတ္တာကြီး မူလအခြေအနေမှတိမ်းစောင်းသွားမှုအခြေအနေ၊ လက်ရှိတည်ရှိနေမှုအခြေအနေများကို ဒရုန်းဖြင့် ရိုက်ကူးထားသော Video Clip များ၊ မှတ်တမ်းဓာတ်ပုံများအား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာကောင်စီမှ ပြန်လည်ပေးပို့လာသော ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို အသေးစိတ်ဆွေးနွေးကြသည်။

ထို့နောက် ကျောက်ဆည်မြို့ မင်းရဲဆည်မှ မင်းရဲမြောင်းနှင့် တမုတ်မြောင်းတစ်လျှောက် ရေပေးဝေနေမှုအခြေအနေများ၊ ဆည်ပေါင်မြေထိန်းနံရံ ပျက်စီးနေမှုအခြေအနေများ၊ မင်းရဲမြောင်းနှင့် တမုတ်မြောင်းတစ်လျှောက် မြောင်းမြေထိန်းနံရံနှင့် ကြံ့ခိုင်မှုအခြေအနေများနှင့် ဇော်ဂျီမြစ်မြေထိန်းနံရံများ မိုးမကျမီပြန်လည်ပြုပြင်ဆောင်ရွက်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်ရှိ နေထိုင်ရန်မသင့်သော အန္တရာယ်ရှိအဆောက်အအုံနှစ်လုံးအား စက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျပြုလုပ်ဆောင်ရွက် သွားရန်မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ ၅၆၀၇ လုံးကို စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ ၅၃၂၃ လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ ၂၈၄ လုံးအနက် အဆောက်အအုံ ၂၁၉ လုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ ၆၅ လုံး ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စဉ့်ကိုင်မြို့နယ် ရှမ်းကန်ကျေးရွာအုပ်စုရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင်ကောလိပ်(ဘယ်လင်း)သို့ သွားရောက်စစ်ဆေးပြီး ပျက်စီးသွားသော စာသင်ဆောင်များအား အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်၊ သင်ထောက်ကူပစ္စည်းများအား စနစ်တကျ ဆယ်တင်ထိန်းသိမ်းထားရှိရန်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,