ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / May 10, 2025
image_latest


နေပြည်တော် မေ ၉

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း၊ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ် ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရန်နိုင်ရပ်ကွက်ရှိ စောင့်ရှောက်ရေးစခန်း၌ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ ဒဏ်ရာရမိသားစုများအတွက် ငွေကျပ် ၂၉၅၃၀၀၀၀၊ အာဆီယံလူသားချင်းစာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) က မီးဖိုချောင်သုံး ပစ္စည်းများ ထောက်ပံ့ပေးဝေနေမှုများနှင့် အပြင်းအထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးနေမှုများကို ကြည့်ရှုအားပေးကြသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် ရန်နိုင်ရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းပရဝဏ် သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းစနစ် တကျရှိစေရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ကျောင်းအုတ်တံတိုင်းများ ပြန်လည်ပြုပြင်မွမ်းမံ နိုင်ရေးနှင့် တိုးချဲ့ကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုတို့အတွက် ကျောင်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော ဝန်ထမ်းအိမ်ရာအဆောက်အအုံများ အကြီးစားပြင်ဆင်နေမှုနှင့် ယာယီအဆောက်အအုံဆောက်လုပ်နေမှုများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများ၊ သောတပန်ရပ်ကွက်ရှိ ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှု ပြတိုက်တို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး လျက်ရှိသော အဆောက်အအုံများ၊ ပါရမီရပ်ကွက်ရှိ လူနေအဆောက်အအုံများ၊ ပါရမီရပ်ကွက်ရှိ လူနေအဆောက်အအုံများအား စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှားနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူ များအတွက် ကူညီကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ လက်ခံ/ထုပ်ရေးဌာနသို့ သွားရောက်ကာ ကူညီကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပိုးတန်းရပ်ကွက်ရှိ အိမ်တော်ရာကျောက်စေတီ အောင်မြေလောကစေတီ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများကို ရှင်းလင်းဖယ်ရှားနေမှုများနှင့် မင်းလမ်းရပ်ကွက်ရှိ လူနေအဆောက်အအုံများနှင့် မိုးဇာရပ်ကွက်အတွက် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော ရေပေးဝေရေးစက်ရုံကို ရှင်းလင်းဖယ်ရှားနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် တပ်မတော်ရေသန့်စက်ရုံမှ ဧရာဝတီမြစ်ရေကို သန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဌာပနာပစ္စည်းများအား စနစ်တကျထားရှိ

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ ယောမင်းကြီးအုတ်ကျောင်း၊ အမရပူရမြို့နယ်ရှိ ဘကြီးတော်ဂူဘုရား၊ မာန်အောင်ရတနာ မဟာဗောဓိ ဆုတောင်းပြည့်မြတ်စွာဘုရားနေရာများ၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော သာသနိက အဆောက်အအုံအပျက်အစီးများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း အဖွဲ့များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည်များ၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာတော်ကြီးများအား အလှူငွေများပေးအပ် လှူဒါန်းသည်၊၊ ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီပုထိုးများမှ အပျက်အစီးများရှင်းလင်းစဉ် ပြန်လည်သိမ်းဆည်းတွေ့ရှိရသော ဌာပနာပစ္စည်းများအား စနစ်တကျထားရှိ ထိန်းသိမ်းရန်နှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် အမရပူရမြို့နယ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း (ဒိုဘီကုန်း) ၌ ဆရာ ဆရာမများ၊ ရပ်မိရပ်ဖများ၊ တပ်မတော်သားများစုပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများနှင့် စာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေး ပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ တာဝန်ရှိသူ များအား လက်ရှိလိုအပ်နေသော ယာယီကျောင်း ဆောင်အား အမြန်ဆုံးဆောက်လုပ်ပေးနိုင်ရေး မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံအားပေးစကားပြောကြား

ဆက်လက်၍ ချမ်းမြသာစည်မြို့နယ် လေဆိပ်အဟောင်းနေရာ၌ ဖွင့်လှစ်ထားသော ငလျင်ဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ကာ သန့်ရှင်းသော သောက်ရေသုံးရေဖူလုံစွာရရှိရေး စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန်၊ ကူးစက်ရောဂါများမဖြစ်ပွားစေရေး၊ အမှိုက်များကိုစွန့်ပစ်ကန်ဖြင့် စနစ်တကျစွန့်ပစ်နိုင်စေရေး၊ သန့်စင်ခန်းများအား လူဦးရေအချိုးအစားအလိုက် တည်ဆောက်ပေးပြီး ယင်လုံအောင် စနစ်တကျဆောင်ရွက်စေရေး၊ ယာယီနေထိုင်သူများကို စနစ်တကျမှတ်တမ်းပြုစုထားရှိစေရေးတို့အား မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်မြို့ရှိ ဌာနဆိုင်ရာရုံးများဖြစ်သော ခရိုင်ပို့ဆောင်ဆက်သွယ်ရေး စီမံကိန်းဦးစီးဌာနရုံး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းရုံး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး၊ ခရိုင်/မြို့နယ်စာရင်းစစ်ရုံး၊ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေး (ဘေးမခအထွေထွေ ရောဂါကုဆေးခန်း) တို့ရှိ အဆောက်အအုံပျက်စီးမှု အခြေအနေများ၊ ရုံးလုပ်ငန်းများ ပြန်လည်လည်ပတ် ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့တင်ပြရာ လမ်းညွှန်မှုခံယူသွားရန်မှာကြားပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်ရှိ မက်သဒစ်အသင်းတော် ဘုရားကျောင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံများအား စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး အဆောက်အအုံများကို ရှင်းလင်း ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ထိခိုက်ဆုံးရှုံးမှုမရှိစေဘဲ စနစ်တကျရှင်းလင်းဆောင်ရွက်နိုင်ရေးနှင့် လျှပ်စစ်မီးကြိုးများအား စနစ်တကျ ကြိုတင်ရှင်းလင်းဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ် ထိခိုက်မှုမရှိစေရေးနှင့် အပျက်အစီးများအား အမြန်ရှင်းလင်းဆောင်ရွက်နိုင်ရေး တို့ကိုမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အချိန်အထိ အဆောက်အအုံ ၆၈၆၁ လုံးကို စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ ၆၅၄၄ လုံး၊ ဦးစားပေးဖြိုဖျက် ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ ၃၁၇ လုံးမှ အဆောက်အအုံ ၂၈၇ လုံးကို ရှင်းလင်း ဆောင်ရွက်နိုင်ခဲ့ကာ ဆောင်ရွက်ရန်ကျန် အဆောက်အအုံ အလုံး ၃၀ ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ခရိုင်)ရုံး၌ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အအုံမှ ဌာနပိုင်ပစ္စည်းများအား ယာယီရုံးဖွင့်လှစ်မည့်နေရာသို့ ပြောင်းရွှေ့ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ပျက်စီးသွားသော အဆောက်အအုံများမှ အရေးကြီးစာရွက်စာတမ်းများနှင့် ဌာနပိုင်ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်၊ ပြင်ဆင်အသုံးပြုနိုင်မည့်ပစ္စည်းများကိုလည်း စနစ်တကျပြင်ဆင်သုံးစွဲသွားရန်နှင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုများအား သက်ဆိုင်ရာဝန်ကြီးဌာနသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှု ခံယူသွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်ရှိ ရွှေစေတီဘုန်းကြီးကျောင်း၌ ဖွင့်လှစ်ထားသော မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန(ယာယီ)ရုံး၌ ငလျင်ဒဏ်ကြောင့် ပျက်စီး/ပျောက်ဆုံးခဲ့သော နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများအား ပြန်လည်ပြုလုပ် ဆောင်ရွက်ပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုပေးလျက်ရှိသော မလေးရှားနိုင်ငံ အခြေစိုက် MERCY Malaysia’ Humanitarian Association အဖွဲ့မှ Mrs.Masniza ဦးဆောင်သော ဆေးကုသရေးအဖွဲ့၏ ကျောက်ဆည်ခရိုင်အတွင်းရှိ ဆေးကုသမှုခံယူရန် ရောက်ရှိနေသော လူနာများအား ဆေးကုသဆောင်ရွက်ပေးနေမှု အခြေအနေများကိုသွားရောက်ကြည့်ရှုသည်။ အဆိုပါ မလေးရှားနိုင်ငံအခြေစိုက် MERCY Malaysia’ Humanitarian Association အဖွဲ့သည် ဧပြီ ၃၀ ရက်မှစတင်ကာဆေးကုသမှုများပြုလုပ်ခဲ့ပြီး မေ ၉ ရက်တွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ရာ ၎င်း ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုလက်ဆောင်ပစ္စည်း များပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ဆဋ္ဌမမြောက်နေ့အဖြစ် ပြည်သူများ၏လက်ဝယ်သို့ ဆက်လက်ရောင်းချပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,