ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Ministry of Information/ Naypyitaw / April 17, 2025

နေပြည်တော် ဧပြီ ၁၆
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတွင် ဧပြီ ၁၆ ရက်အထိ သေဆုံးသူ ၃၆၆၇ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၂၅ ဦးနှင့် ပျောက်ဆုံးသူ ၁၂၉ ဦး ရှိသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်း ပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံး သူ ၇၅၂ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၁၅ ရက် ည ၇ နာရီမှ ဧပြီ ၁၆ ရက် ညနေ ၅ နာရီ အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ အိန္ဒိယနိုင်ငံနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့မှ လူသုံးကုန်ပစ္စည်းများ၊ ယာယီအခိုအကာပစ္စည်းများနှင့် စားသောက်ကုန်များသည် လေယာဉ်နှစ်စင်းဖြင့် ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၆၇ ဒသမ ၂၃၂ တန်ကျော် ဆိုက်ရောက်ခဲ့သည်။
ထောက်ပံ့ရေးပစ္စည်းများကို အမြန်ဆုံးခွဲဝေထောက်ပံ့
ပြည်တွင်း ပြည်ပအလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
