စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃-၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃-၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Industry/ Ministerial Office / September 27, 2023

နေပြည်တော်၊ စက်တင်ဘာ (၂၁)
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်မှုကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉)ကြိမ် ကျင်းပပြုလုပ်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ တင်ပြသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များနှင့် စက်ပစ္စည်းအသုံးစရိတ်မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၂၂) ကို ထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယနေ့ညှိနှိုင်းအစည်းအဝေးတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တင်ပြခဲ့သည့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်း ကိစ္စရပ်များအပေါ် အဖွဲ့ဝင်များနှင့် စိစစ်အတည်ပြုနိုင်ရန်နှင့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ တင်ပြလာသော ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း၊ စီမံကိန်းတန်ဖိုးပြောင်းလဲခြင်း ကိစ္စရပ်များအပေါ် အဖွဲ့ဝင်များနှင့် စိစစ်အတည်ပြုနိုင်ရန်နှင့် “ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်” ညွှန်ကြားချက် (ဒုတိယမူကြမ်း) အပေါ် ကော်မတီအဖွဲ့ဝင်များမှ ပြင်ဆင်ဖြည့်စွက်ချက်များကို ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်သည့်အတွက် အဖွဲ့ဝင်များနှင့် အတည်ပြုနိုင်ရေးဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ပြင်ဆင်ဖြည့်စွက်ရန်မရှိပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ကော်မတီအဖွဲ့ဝင်များမှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှု ကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသဖြင့် အစိုးရဌာနဆိုင်ရာများ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်း အသုံးပြုမှုများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ယခုညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးမည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် စွမ်းအင်ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနတို့မှ တင်ပြလာသည့် စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်း၊ ရန်ပုံငွေလွှဲပြောင်းခြင်း ကိစ္စရပ်များကို ကော်မတီအဖွဲ့ဝင်များနှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များမှ အသီးသီး ရှင်းလင်းတင်ပြပြီး “ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်း ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်” (ဒုတိယမူကြမ်း)အပေါ် ကော်မတီအဖွဲ့ဝင်များ၏ ပြင်ဆင်ချက်ကို စုစည်း၍ တတိယအကြိမ် ပြင်ဆင်ရေးဆွဲပြီးစီးသည့် လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို အတည်ပြုနိုင်ရန်အတွက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
