စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


Ministry of Industry/ Ministerial Office / December 28, 2023


နေပြည်တော်၊ ဒီဇင်ဘာ (၂၀)
    စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၄/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
    ရှေးဦးစွာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်မှုကော်မတီအနေဖြင့် ၂၀၂၁ ခုနှစ် ဇွန်လ(၁)ရက်နေ့မှစ၍  ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀)ကြိမ် ကျင်းပပြုလုပ်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း၊ ဝန်ကြီးဌာနများမှ တင်ပြသည့် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စက်ပစ္စည်းအသုံးစရိတ်မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ် (၁/၂၀၂၂) ကို ထုတ်ပြန်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊   ယနေ့ညှိနှိုင်းအစည်းအဝေးတွင် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စက်ပစ္စည်းကြီးကြပ်မှုကော်မတီသို့ တင်ပြလာသော ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းကိစ္စရပ်များအပေါ် စိစစ်အတည်ပြုနိုင်ရန်နှင့် “ငွေလုံးငွေရင်း အသုံးစရိတ်(စက်ပစ္စည်း)အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့်ရန်ပုံငွေ လွှဲပြောင်းခြင်းလုပ်ထုံးလုပ်နည်း” ဆိုင်ရာ ညွှန်ကြားချက်နှင့်ပတ်သက်၍  ဥပဒေရေးရာဝန်ကြီးဌာန၏ စိစစ်အကြံပြုချက်များအပေါ် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည့်အတွက် အဖွဲ့ဝင်များနှင့် အတည်ပြုနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ မူဝါဒလုပ်ငန်းတာဝန်များနှင့်အညီ လုပ်ငန်းများပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊  စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသဖြင့် အစိုးရဌာနဆိုင်ရာ များ၏ စက်ပစ္စည်းကဏ္ဍအတွက် ရန်ပုံငွေသုံးစွဲမှု၊ စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်း အသုံးပြုမှုများနှင့်စပ်လျဉ်းပြီး နိုင်ငံတော်အတွက် ကောင်းမွန်သည့် အထောက်အပံ့ဖြစ် စေရန် ကော်မတီ၏ မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျ စိစစ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ယခုညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးမည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
    ထို့နောက် ဝန်ကြီးဌာနများကတင်ပြသည့် အမှာစာများကို သက်ဆိုင်ရာ ကော်မတီဝင်များနှင့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက  ရှင်းလင်းတင်ပြခြင်း၊ “ငွေလုံးငွေရင်းအသုံးစရိတ် (စက်ပစ္စည်း) အတွက် ရန်ပုံငွေလျာထားခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရာတွင် လိုက်နာရမည့်ညွှန်ကြားချက်” ကို အတည်ပြုနိုင်ရေးအတွက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)