စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အား ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)အား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministry of Industry / October 03, 2022


 

နေပြည်တော်၊ စက်တင်ဘာ (၂၇)
    စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ခေတ္တစက်ရုံမှူးနှင့် တာဝန်ရှိသူတို့က စီမံကိန်းအား ကျွမ်းကျင်ပညာရှင်များ၏ အစီရင်ခံစာပါ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြင်ဆင်ဆောင်ရွက်နေမှု၊ အလုပ်ရုံခွဲများအလိုက် လျှပ်စစ်ပိုင်းဆိုင်ရာ ထိန်းချုပ်စနစ်များ၊ ပြုပြင်နေမှု၊ စက်မှု လုပ်ငန်းသုံးရေ ရရှိရေးအတွက် ဆောင်ရွက်နေမှု၊ စွန့်ပစ်အပူသုံး ဘွိုင်လာအား ပြုပြင်နေမှုတို့ကို ရှင်းလင်းတင်ပြရာ လျှပ်စစ်စစ်ဆေးရေးဌာန၏ စစ်ဆေးအကြံပြုချက်နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးဖြစ်သည့် လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ/မရှိ ပြန်လည်စစ်ဆေးရန်၊ စက်ရုံစတင်လည်ပတ်လျှင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် မတူညီသည့် လျှပ်စစ်ဓာတ်အားအရင်း အမြစ်(၂)ခုမှ ချိတ်ဆက်သွယ်တန်းနိုင်ရေး ကြိုတင်ညှိနှိုင်းထားရန်၊ အလုပ်ရုံခွဲအသီးသီး၌ စက်မှုပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ စစ်ဆေးပြုပြင်နေမှုလုပ်ငန်းများ အချိန်မီပြီးစီးရေး အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရန်၊ စွန့်ပစ်အပူသုံး ဘွိုင်လာအား စွမ်းအားပြည့်အသုံးပြုနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စက်ရုံစမ်းသပ်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများနှင့် အခြားသွင်းအားစုများကို ကြိုတင်စုဆောင်းထားရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံခွဲများအလိုက် ဆောင်ရွက်လျက်ရှိသည့် နည်းစဉ်အဆင့်ဆင့်တို့ကို ကျေညက်အောင် လေ့လာထားရန်နှင့် စက်ပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်သည့် နည်းပညာများ ရရှိရေး ကြိုးစားသင်ယူကြရန် လမ်းညွန်မှာကြားသည်။
    မွန်းလွဲပိုင်းတွင် သတ္တုရိုင်းပြင်ဆင်ရေးအလုပ်ရုံခွဲ စမ်းသပ်မောင်းနှင်နေမှု မော်တာနှင့်ပန့်များ စမ်းသပ်မောင်းနှင်နေမှု၊ အလုပ်ရုံခွဲအသီးသီးရှိ စက်ပစ္စည်းကိရိယာများအား ထိန်းချုပ်ခန်းမှ ထိန်းချုပ်မောင်းနှင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) သည် နိုင်ငံတော်အတွက် မရှိမဖြစ်သည့် စက်ရုံဖြစ်၍ စီမံကိန်းလုပ်ငန်းများအား အောင်မြင်အောင်နှင့် အချိန်မီပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားသည်။
    အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်း လုပ်ငန်းများ ပြီးစီး၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာမှ ထွက်ရှိလာမည့် သံစိမ်းများသည် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၌ သံမဏိထုတ်လုပ်ရာတွင် အသုံးပြုမည့် ကုန်ကြမ်းများအဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)