စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)အား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministry of Industry / January 31, 2023


နေပြည်တော်၊ ဇန်နဝါရီ (၂၃)
    စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အဓိကလိုအပ်သော သံမဏိ များအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်၊ ပြည်ပမှ တင်သွင်းမှုကို လျှော့ချနိုင်၍ နိုင်ငံခြားငွေ အသုံးပြုရမှု သက်သာစေရန်တို့အတွက် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပင်းပက်ဒေသ၌ အမှတ် (၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းများ လျင်မြန်စွာပြီးစီးရန်နှင့် စက်ပစ္စည်းကိရိယာများ စစ်ဆေးပြုပြင်ခြင်း လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးကြီးကြပ်ရန် ကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် ကော်မတီအဖွဲ့ဝင်များလိုက်ပါလျက် ဇန်နဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းတွင် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူး နှင့် တာဝန်ရှိသူများမှ စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့် အချိန်မှစ၍ အလုပ်ရုံ အသီးသီးတို့ရှိ စက်ပစ္စည်းကိရိယာများအား စစ်ဆေးပြုပြင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သည့် သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ လုပ်ငန်း တာဝန်များကို အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များဆောင်ရွက်စဉ် တွေ့ကြုံ ရမည့် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ညီညွတ်စွာ ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန်များကို စိတ်ဝင်တစားဖြင့်ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ ပြီးစီးရေးအတွက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာမှ လျှပ်စစ်နှင့်ဘွိုင်လာစစ်ဆေးရေး လုပ်ငန်းများကို ဥပဒေများနှင့်အညီ ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ဝန်ထမ်း များအနေဖြင့် တစ်ဦးချင်းယုံကြည်မှုများ တိုးတက်လာစေရေးအတွက် လက်တွေ့လုပ်ငန်း များကို ယခုထက်ပိုမို လေ့လာသင်ယူကြရန်၊ စက်ပစ္စည်းများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေသည့် မှတ်တမ်းများကို စနစ်တကျထိန်းသိမ်းထားရန်၊ စက်ရုံ၏ စီမံရေးရာ တာဝန်ရှိသူများအနေဖြင့် ဝန်ထမ်း၊ ပစ္စည်း၊ စာရွက်စာတမ်းလုံခြုံရေးနှင့် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် သံစိမ်း ထုတ်လုပ်သည့်နည်းပညာများကို ကြေညက်အောင်လေ့လာသင်ယူသွားရန်၊ စက်ရုံလည်ပတ်လျှင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင် မျှော်တွေး စဉ်းစားစီမံဆောင်ရွက်ထားရန်၊ မမျှော်မှန်းနိုင်သည့်ကိစ္စရပ်များအတွက် လျင်လျင် မြန်မြန် တုံ့ပြန်ဖြေရှင်းနိုင်အောင် ဆောင်ရွက်ထားရန်၊ ပြုပြင်ပြီးစက်ပစ္စည်းကိရိယာများ ကိုလည်း ပြန်လည်ချို့ယွင်းပျက်စီးမှု မရှိအောင် ထိန်းသိမ်းရေးလုပ်ငန်းများ ပြုလုပ်နိုင်ရေး အစီအမံများ ရေးဆွဲဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ကြိုတင်စုဆောင်းထားနိုင်ရေး စီမံထားရန် လမ်းညွှန်မှာကြားသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) ပြန်လည် စတင် ဆောင်ရွက်နိုင်ရေးကြီးကြပ်ရန် ကော်မတီအဖွဲ့ဝင်များသည် စက်နှင့် စက်ပစ္စည်း ကိရိယာများ စစ်ဆေးပြုပြင်ခြင်းလုပ်ငန်း ၁၀၀% ပြီးစီးနေသည့် သံရည်ကျိုလုပ်ငန်းတွင် အသုံးပြုမည့် စက်မှုလုပ်ငန်းသုံး ရေစစ်ကန်အားလည်းကောင်း၊ အဝင်ဓာတ်အားလိုင်း လက်ခံ ဖြန့်ဖြူးခွဲရုံ တည်ဆောက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ကျောက်မီးသွေးကြိတ်ခွဲ ပြုပြင်ရေးအလုပ်ရုံ၊ သံသတ္ထုရိုင်းအခြောက်ခံအလုပ်ရုံ၊ သံသတ္ထုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ အလိုအလျှောက် မီးငြိမ်းသတ်ရေးအလုပ်ရုံ၊ အမှတ်(၂)ပန့်အလုပ်ရုံ၊ ရေပြန်လည်အအေးခံ ပေးပို့သည့်အလုပ်ရုံ၊ သန့်စင်ပြီးကုန်ကြမ်းများ သိုလှောင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးဘွိုင်လာ၊ ဓာတုပစ္စည်းဖြင့် ရေပြုပြင်အလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ စက်မှု လုပ်ငန်းသုံးရေသန့်စင်အလုပ်ရုံ၊ အောက်စီဂျင်အလုပ်ရုံ၊ သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊ ဖိအားမြင့်လေထုတ်အလုပ်ရုံ၊ ဒုတိယအဆင့်ရေတွန်းအလုပ်ရုံ၊ သောက်သုံးရေသန့်စင် အလုပ်ရုံ၊ တန်(၁၀၀)ထိချိန်တွယ်နိုင်သည့် ကတ္တား၊ သံသတ္တုရိုင်း ပထမအဆင့်ကြိတ်ခွဲ အလုပ်ရုံနှင့် တောင်ဆင်းဝန်ခါးပတ်တို့ရှိ စက်ပစ္စည်းများအား ဝန်မပါစမ်းသပ်မောင်းနှင် နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးကို အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ 
    အဆိုပါ အလုပ်ရုံများသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် ရုရှားပညာရှင်များ အကူအညီဖြင့် ကွန်ပျူတာထိန်းချုပ်စနစ် မပါဝင်ဘဲ (၇၂)နာရီကြာ စမ်းသပ်လည်ပတ်ခဲ့ပြီး စက်ရုံအား ယာယီရပ်ဆိုင်းစဉ် (၄)နှစ်ကျော် ရပ်နားထားခဲ့သည့် အလုပ်ရုံများဖြစ်ပါသည်။ ယခင်စမ်းသပ်ခဲ့စဉ်က စက်များ၏ ကြံခိုင်ရေးကိုသာ  ဦးစားပေးစမ်းသပ်နိုင်ခဲ့ပြီး အလိုအလျောက် ထိန်းချုပ်လည်ပတ်မှုများအား ဆက်လက်ဆောင်ရွက်စဉ် စက်ရုံရပ်ဆိုင်းခဲ့သည့်အတွက် အလုပ်ရုံ များအချင်းချင်း ချိတ်ဆက်မှုများအား အပြည့်အဝ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုအခါ မြန်မာပညာရှင်များ၏ စွမ်းဆောင်ချက်ဖြင့် ကွန်ပျူတာထိန်းချုပ်မှုများ၊ စက်ပြင်ဆင်မွမ်းမံမှုများ၊ ချိတ်ဆက်ဆောင်ရွက်မှုများအား ကြိုးစားဆောင်ရွက်ခဲ့ပါသည်။
    အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)၏ အဓိကထုတ်ကုန်ဖြစ်သည့် သံစိမ်းထုတ်လုပ်ရန် သဘာဝသယံဇာတ ကုန်ကြမ်းများဖြင့် သံရည်ကျိုမည့် သံရည်ကျိုအလုပ်ရုံအပါအဝင် အလုပ်ရုံခွဲ (၂၂)ရုံရှိပြီး အလုပ်ရုံခွဲ(၁၉)ရုံအား ဝန်မပါစမ်းသပ်လည်ပတ်ခဲ့ပါသည်။ ကျန်ရှိသည့် အလုပ်ရုံခွဲ (၃)ရုံအား ရုရှားနိုင်ငံမှပညာရှင်များ၊ မြန်မာပညာရှင်များနှင့် စက်ရုံဝန်ထမ်းများ ပူးပေါင်း၍ စစ်ဆေးပြုပြင် စမ်းသပ်လည်ပတ်ခြင်းများ ဆက်လက်ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုများ တစ်ပြိုင်တည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 (သတင်းစဉ်)