စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာ့ကော်ဖီလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းနှင့် စက်ရုံများအား ကြည့်ရှုစစ်ဆေး
စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာ့ကော်ဖီလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းနှင့် စက်ရုံများအား ကြည့်ရှုစစ်ဆေး
Ministry of Industry/ Ministerial Office / October 26, 2023

နေပြည်တော်၊ အောက်တိုဘာ (၂၂)
မြန်မာ့ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို အောက်တိုဘာလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အေဂျင်စီအဖွဲ့ဝင်များ၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့် စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်တောင်သူများတက်ရောက်သည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့ နှင့် ဒီဇင်ဘာလ(၂)ရက်နေ့တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကော်ဖီလုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် “ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ ကော်ဖီလုပ်ငန်းရှင်များကို မကြာခဏတွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးခြင်း၊ ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့်လူသားအရင်းအမြစ်ကောင်း စသည့်အချက်(၄)ချက်ဖြင့် ပြည့်စုံစေရေး ကြိုးပမ်းဆောင်ရွက်ရန်” နှင့် (၈.၉.၂၀၂၃)ရက်နေ့ မှ (၁၀.၉.၂၀၂၃)ရက်နေ့ထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် “ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လက်ဖက်နှင့်ကော်ဖီတို့ကို စိုက်ပျိုးရာတွင် ဈေးကွက်ဝင် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပြီး ဒေသထွက် တန်းဖိုးမြှင့်ထုတ်ကုန်တစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်” လမ်းညွှန်မှာကြားခဲ့သဖြင့် နိုင်ငံတော်အကြီးအကဲသည် ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် သည် (၁.၁၀.၂၀၂၃) ရက်နေ့၌ ပြင်ဦးလွင်မြို့တွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်များ၊ ကော်ဖီစိုက်တောင်သူများနှင့်တွေ့ဆုံစဉ် “စတင်စိုက်ပျိုးသည့် ကော်ဖီစိုက်တောင်သူများ အရင်းအနှီးလိုအပ်ချက်ရှိပါက အတိုးနှုန်း နည်းနည်းဖြင့် ငွေချေးယူရရှိနိုင်သည့် အရင်းအမြစ်များ၊ နည်းလမ်းများကို အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် လမ်းညွှန်ပေးရန်” လမ်းညွှန်မှာကြားခဲ့သဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက်နေသဖြင့် ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ကော်ဖီလုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပထမအကြိမ် ဆွေးနွေးပွဲကို (၁၆.၅.၂၀၂၃)ရက်နေ့တွင် ကျင်းပပြု၍ ကော်ဖီစိုက်ပျိုးနည်းစနစ်များ၊ ကော်ဖီအရည်အသွေးအတွက် ဓာတ်ခွဲခန်းစစ်ဆေးဆောင်ရွက်ရန်များ၊ ပြည်ပတင်ပို့ရန်အတွက် ပိုးမွှားသန့်စင်ရန်ကိစ္စရပ်များ၊ Value Chain တစ်လျောက် ထုတ်လုပ်မှုနည်းစနစ်၊ နည်းပညာလိုအပ်ချက်များ၊ ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ၊ အစုအဖွဲ့များစု ဖွဲ့၍ သက်ဆိုင်ရာ Stakeholder များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ Business Plan ရေးဆွဲဆောင်ရွက်ရမည်များကို ဆွေးနွေးပံ့ပိုးနိုင်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အဖြစ် ကော်ဖီလုပ်ငန်းများ ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အဆင့်မီနည်းပညာများ ပံ့ပိုးပေးနိုင်ရန် (၁၄.၆.၂၀၂၃)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်၍ မြန်မာ့ကော်ဖီဈေးကွက် ရရှိရေးအတွက် ပြည်တွင်း/ပြည်ပကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရန် သက်ဆိုင်ရာ စီပွားရေးသံမှူးများနှင့်ချိတ်ဆက်ပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို MSME Webportal ၊ မြန်မာကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့ Website နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ Website များတွင် လေ့လာနိုင်ရန် အသိပညာပေးခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေး ပိုမိုကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်ကော်ဖီမျိုးများ ပြောင်းလဲစိုက်ပျိုးရန် အသိပညာပေးခြင်း၊ ကော်ဖီမှထွက်ရှိသော ဘေးထွက်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်းနှင့် အလှကုန်ပစ္စည်းများအဖြစ် အသုံးပြုနိုင်ကြောင်း အသိပညာပေးခြင်း စသည့်ကောင်းမွန်သောရလဒ်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် ပြင်ဦးလွင်မြို့ရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် လာရောက်တွေ့ဆုံဆွေးနွေးပြီး ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရန်အတွက် လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများ၊လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်းဖြင့် သိရှိနိုင်ပြီး အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပညာရှင်များအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ရမည့် အချက်များကို ပံ့ပိုးပေးနိုင်ရန်ဖြစ်ကြောင်း၊ ကော်ဖီလုပ်ငန်းရှင်များအနေဖြင့် ကော်ဖီစိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာ၊ သွင်းအားစု၊ လူသားအရင်းအမြစ်နှင့် ငွေကြေးအရင်းအနှီးများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရယူနိုင်ရန်အတွက် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း၊ ယနေ့ခေတ် မျက်မှောက်ကာလတွင် ကော်ဖီထုတ်ကုန်သည် ကမ္ဘာ့ကုန်စည်ဈေးကွက်၌ ရေနံရောင်းဝယ်မှုပြီးလျင် ဒုတိယအဆင့် အရေးပါဆုံးသော တန်ဖိုးမြှင့် သီးနှံကုန်စည်တစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍသည် အလုပ်အကိုင်အခွင့်အလမ်း အများအပြားကို ဖော်ဆောင်ပေးသကဲ့သို့ နိုင်ငံခြားဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်သော အလားအလာကောင်းမွန် သေချာသည့် စိုက်ပျိုးရေးအခြေခံ ထုတ်လုပ်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးမှုကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသ၊ ချင်းပြည်နယ်၊ တီးတိန်ဒေသနှင့် ရှမ်းပြည်နယ်၊ ရွာငံဒေသများတွင် အဓိကစိုက်ပျိုးလျက်ရှိပြီး ပြင်ဦးလွင်ဒေသနှင့် ရွာငံဒေသတို့မှထွက်ရှိသည့် မြန်မာ့အာရေဗီကာကော်ဖီသည် ကမ္ဘာ့အဆင့်မီသည့် Special Coffee အဆင့်ကို ဝမ်းမြောက်ဂုဏ်ယူဖွယ် ရရှိခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၏ ထက်ဝက်ခန့်ကို အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ The Speciality Coffee Association Of Japan အသင်းအဖွဲ့မှ ကြီးမှူး၍ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် World Speciality Coffee Conference & Exhibition တွင် မြန်မာနိုင်ငံကော်ဖီအသင်းမှ ကမ္ဘာ့အဆင့်မီ မြန်မာ့ကော်ဖီများကို ပါဝင်ပြသလျက်ရှိကြောင်း၊ ကော်ဖီကြိုက်နှစ်သက်သည့် ဂျပန်လူမျိုးများ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေပြီး မြန်မာ့ကော်ဖီဈေးနှုန်းသည် ကမ္ဘာ့နာမည်ကျော် ကော်ဖီတချို့၏ ဈေးနှုန်းနှင့် မတိမ်းမယိမ်းရရှိသဖြင့် ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ကြောင်း၊ ဂျပန်ဈေးကွက်တွင် မျက်နှာပန်းလှစွာ အရောင်းသွက်နေသည့် မြန်မာ့ကော်ဖီ၏ တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်မြှင့်တင်ပေးနိုင်ရန်နှင့် ကမ္ဘာ့ကော်ဖီဈေးကွက်တွင်လည်း မျက်နှာပန်းလှစေရန်အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပြီး အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများက အထူးစိတ်ဝင်စားနေကြသည့်အတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများသည် အရည်အသွေးနှင့် အဆင့်အတန်းမီသည့် ကော်ဖီမျိုးကောင်းမျိုးသန့်များကို ရွေးချယ်၍ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကော်ဖီကုန်ကြမ်း အဖြစ် တင်ပို့ခြင်းသာမက အမြတ်အစွန်းကွာဟချက်ကြီးမားသည့် တန်ဖိုးမြှင့်ကော်ဖီ ကုန်ချောများကို Made In Myanmar Brand များကို ထုတ်လုပ်တင်ပို့နိုင်ခြင်းအားဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ယခုထက်ပိုမို ထိုးဖောက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍသည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက နည်းပညာအားနည်းခြင်း၊ သတင်းအချက် အလက်ဖလှယ်မှု လိုအပ်ချက်ရှိနေခြင်းနှင့် ကော်ဖီသီးနှံဈေးကွက်ဝေစုရရှိမှု အားနည်းနေခြင်းတို့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ မြန်မာ့ဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက်တို့ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်ချက်များစွာရှိနေကြောင်း၊ ကော်ဖီထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နည်းပညာနှင့် ထုတ်လုပ်မှုစရိတ်များပြားနေမှု၊ ကော်ဖီစိုက်တောင်သူများ ငွေကြေးအခက်အခဲရှိမူ၊ ကော်ဖီစိုက်ပျိုးမြေနှင့် ပတ်သက်သည့် အခက်အခဲများစွာရှိသည့်အတွက် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အတူတကွ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရန် ထပ်မံတိုက်တွန်းပြောကြား လိုကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသော နိုင်ငံတကာအဆင့်မီကော်ဖီများကို အလားအလာရှိသည့် နိုင်ငံတကာဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရန်အတွက် လိုအပ်ချက်များကို အစိုးရဌာနများ၊ အသင်းအဖွဲ့နှင့် စိုက်ပျိုးထုတ်လုပ်သူများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဈေးကွက်ရရှိရေး၊ ဈေးကွက်ချိတ်ဆက်ရေး၊ စံချိန်စံညွှန်းဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပို့နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ ဆက်လက်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရန်အတွက် ကော်ဖီစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကွင်းဆက် တစ်လျှောက်၌ပါဝင်နေသည့် ကော်ဖီလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ၊ ဆက်စပ်ဝန်ကြီးဌာန များ၊ ပညာရှင်များမှ အတူတကွ ပူးပေါင်းဆွေးနွေးအဖြေရှာပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်နှင့် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ထပ်မံဆောင်ရွက်ရမည့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန် တိုက်တွန်းပါကြောင်းပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများမှ အလားအလာကောင်းမွန်သည့် ထုတ်ကုန်အမယ်များ ရွေးချယ်၍ ပိုမိုတိုးတက်အောင်မြင်စေရေး ပံ့ပိုးစီမံ ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်၏ GDP တိုးတက်စေရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီး One Region One Product အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Action Plan ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ထုတ်ကုန်အမယ် ကော်ဖီ၊ မက္ကဒေးမီးယား၊ စပျစ်၊ စတော်ဘယ်ရီ၊ ထောပတ်၊ သရက်၊ ဝါ၊ ထန်းလျက်၊ စားသုံးဆီ၊ ပုန်းရည်ကြီး၊ ယွန်းထည်လုပ်ငန်းများကို ရွေးချယ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ကော်ဖီ စိုက်ဧကပေါင်း (၅၀၀၀၀)ကျော်ရှိပြီး တန်ချိန် (၉၂၀၀)ကျော် ထွက်ရှိကြောင်း၊ ကော်ဖီမျိုးကွဲ (၄)မျိုး ရှိသည့်အနက် မြန်မာနိုင်ငံတွင် အာရေးဗီးကား (ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘက်စတာ (မြေနိမ့်ကော်ဖီ) ဟူ၍ မျိုးကွဲ(၂)မျိုးကို စိုက်ပျိုးလျက်ရှိကြောင်း၊ ကုန်းမြင့် ကော်ဖီသည် ကဖေးဓာတ်ပါဝင်မှုနည်းပြီး နူးညံ့သော အနံ့အရသာရှိသဖြင့် ပြင်ဦးလွင်ဒေသရှိ အာရေးဗီးကားကော်ဖီသည် အထူးတန်းဝင်လာပြီး အကျိုးအမြတ်ပိုမိုရရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း တစ်နှစ်လျှင် ပျမ်းမျှကော်ဖီတန်ချိန် (၅၇၅.၂၅)ကျော်ထွက်ရှိပြီး ဒေသတွင်းမှ ပျမ်းမျှ (၃၉၄.၄၇)တန် သုံးစွဲကြောင်း၊ နိုင်ငံခြားသို့ အင်္ဂလန်၊ ဂျပန်၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ စပိန်စသော နိုင်ငံများသို့ တစ်နှစ်လျှင်ပျမ်းမျှ (၉၄)တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်အရည်အသွေးကောင်းမွန်စေရန်၊ သီးနှံများစိုက်ပျိုးထုတ်လုပ် ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ခြင်းလုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သော ထွက်ကုန်များ အန္တရာယ်ဖြစ်စေမှု လျော့ချစေရန်အတွက် ကွင်းဆင်းစစ်ဆေးပြီး GAP Certificate လက်မှတ် (၁၄)ခုကိုလည်း ထုတ်ပေးခဲ့ကြောင်း၊ ကော်ဖီသီးနှံ ပိုမိုတိုးချဲ့စိုက်ပျိုးလာရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန်လာစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီလုပ်ငန်း ရှင်များ၊ ကော်ဖီစိုက်တောင်သူများနှင့် နည်းပညာပေးဆွေးနွေးပွဲများ၊ နည်းပညာအသိပညာ ဖလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ကော်ဖီအား ဒေသတစ်ခု ထုတ်ကုန်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ လုပ်ငန်းသုံးစက်ကိရိယာများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်အစီအစဉ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော ကော်ဖီလုပ်ငန်း အကြီးစား(၇)ခုနှင့် အငယ်စား(၁)ခု၊ စုစုပေါင်း(၈)ခုနှင့် MSME Member ဝင်ထားသော ကော်ဖီလုပ်ငန်း အသေးစား (၆)ခု၊ အလတ်စား(၂)ခု၊ စုစုပေါင်း (၈)ခု၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကော်ဖီလုပ်ငန်း(၃၀)ခု၊ စုစုပေါင်း (၄၆)ခုရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြင်ဦးလွင်ဒေသတွင် ဧကပေါင်း (၈၅၀.၅၀)အတွက် ကော်ဖီစိုက်ပျိုးတောင်သူ (၁၈)ဦးအား ကျပ်သန်း(၂၅၅.၁၅) ထုတ်ချေးပေးပြီး ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအသက်သွေးကြော ဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကော်ဖီစိုက်တောင်သူ၊ မြန်မာနိုင်ငံကော်ဖီလုပ်ငန်းရှင်များအသင်း၊ ကော်ဖီလုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က ပြန်လည်ရှင်းလင်း ဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တို့သည် Blue Mountain, May Myo Fresh Coffee, MCG ကော်ဖီများ စိုက်ပျိုးထုတ်လုပ် နေမှုအခြေအနေတို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။
အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် အမှတ်(၇)အထည်စက်ရုံ(မြစ်သား)သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံလည်ပတ်အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ၂/၈၀ ချည်များ စမ်းသပ်ထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက စီမံကိန်းဖြစ်နိုင်ခြေလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း Business Plan ရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စမ်းသပ်ထုတ်လုပ်နေသည့် ၂/၈၀ ချည်များ၏ အရည်အသွေးအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ရရှိအောင်ဆောင်ရွက်ရန်၊ ချည်များ၏ အရည်အသွေး ပိုမိုကောင်းမွန်စေရန်အတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်တွင် စစ်ဆေးရမည့်နေရာများ သတ်မှတ်၍ စစ်ဆေးရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ၂/၈၀ ချည်များ ထုတ်လုပ်ခြင်းလုပ်ငန်းသည် ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းဖြစ်၍ အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနများ၏ လိုအပ်ချက်၊ အခက်အခဲများရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် စက်ရုံအတွင်း ၂/၈၀ ချည်များစမ်းသပ်ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် စမ်းသပ်ထုတ်လုပ်ထားရှိသည့် ၂/၈၀ ချည်များအား အရည်အသွေး စမ်းသပ်စစ်ဆေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် အမှတ်(၇)အထည်စက်ရုံခွဲ (ဝမ်းတွင်း) သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက စက်ရုံဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ၂/၈၀ ချည်များဖြင့် ပုဆိုးများရက်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဈေးကွက်အားခြေခံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုဆောင်ရွက်ရန်၊ အထည်များ ရက်လုပ်ရာတွင် ဝယ်ယူသူများကို ဆွဲဆောင်နိုင်သည့် အရောင်၊ အဆင်ဒီဇိုင်းများဖြစ်အောင် ဆောင်ရွက်ရန်နှင့် ထုပ်ပိုးမှုပုံစံများကိုလည်း စနစ်တကျ ကောင်းမွန်အောင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ၂/၈၀ ချည်များဖြင့် အထည်များ ရက်လုပ်နေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
