စက်သုံးဆီအရောင်းဆိုင်များကို ခေတ်မီလုံခြုံစိတ်ချရသည့် သိုလှောင်စခန်းနှင့် အရောင်းဆိုင်များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ

စက်သုံးဆီအရောင်းဆိုင်များကို ခေတ်မီလုံခြုံစိတ်ချရသည့် သိုလှောင်စခန်းနှင့် အရောင်းဆိုင်များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ


Ministry of Information/ Naypyitaw / October 22, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၂၁

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ စတင်ပြောင်းလဲကျင့်သုံးသည့် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များအား စက်သုံးဆီတင်သွင်းသိုလှောင်  သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်သည်။

စက်သုံးဆီတင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးခြင်း လုပ်ငန်းလုပ်ကိုင်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များသည် စက်သုံးဆီသိုလှောင်စခန်းနှင့်အရောင်းဆိုင်များအား ဒေသတွင်းနှင့်အိမ်နီးချင်းနိုင်ငံများနည်းတူ ခေတ်မီလုံခြုံစိတ်ချရသော သိုလှောင်စခန်းနှင့်အရောင်းဆိုင်များဖြစ်စေရေး၊ ပြည်တွင်းစက်သုံးဆီလိုအပ်ချက်အား ပြတ်လပ်မှုမရှိစေဘဲ ဖူလုံစွာဖြည့်ဆည်းပေးနိုင်ရေး၊ သတ်မှတ်အရည်အသွေး အခြင်အတွယ်ပြည့်မီမှန်ကန်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောရောင်းဈေးနှုန်းများအတိုင်း ပြည်သူလူထုသို့ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်သယ်ယူဖြန့်ဖြူးခြင်းလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းများရှိ သိုလှောင်စခန်းများနှင့် အရောင်းဆိုင်များတွင် Real Time Online Monitoring နှင့် CCTV တပ်ဆင်ပြီး ခေတ်မီလုံခြုံစိတ်ချရမှုရှိသည့်စနစ်အတွက် အဆင့်မြှင့်တင်မှုလုပ်ငန်းများကိုပါ ဖော်ဆောင်လျက်ရှိသည်။

သိုလှောင်စခန်းများနှင့် အရောင်းဆိုင်များတွင် Real Time Online Monitoring နှင့် CCTV စနစ်များတပ်ဆင်ခြင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အပြီးတပ်ဆင်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အပြင် တပ်ဆင်ပြီးစီးခဲ့သည့်စနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ ပျက်စီးမှုများအား မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကာ စွမ်းအင်ဝန်ကြီးဌာနကလည်း လိုအပ်သည်များ ကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းသည် ပြည်တွင်း၌ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရန်၊ ပြည်ပစက်သုံးဆီ တင်သွင်းမှုမှစ၍  End User အထိ Supply Chain  တစ်ခုလုံးအား စောင့်ကြည့်ထိန်းသိမ်းကြီးကြပ်နိုင်ရန်၊ အချိန်နှင့်တစ်ပြေးညီ လိုအပ်သောအစီအမံများကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီအဖွဲ့အစည်းများ အားလုံးပါဝင်သည့် Supply Chain တစ်ခုလုံးအား Online စနစ်ဖြင့် စောင့်ကြည့်ဖြည့်ဆည်းပေးသည့်  စနစ်အဖြစ်  ပြောင်းလဲဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့်  ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ  လုပ်ငန်းလိုင်စင်များရယူဆောင်ရွက်ရသည့်အပြင်   ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ   ပတ်ဝန်းကျင်ထိခိုက်မှုမရှိရေး၊ ဘေးန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေးအာမခံချက်ရှိစေရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရကြောင်း သိရသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသောစံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊    စည်းကမ်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရပြီး စွမ်းအင်ဝန်ကြီးဌာနကလည်း ပုဂ္ဂလိကလုပ်ငန်းရှင် များအနေဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်သွားရန် စနစ်တကျ ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။          

သတင်းစဉ်

HOT NEWS
January 4,